Monday, October 19, 2015
My Lovely Ghost
ချစ်သူ တစ္ဆေ
အချိန်ကာလကား ကျွန်တော်တက္ကသိုလ်ဝင်တန်း ဖြေပြီကာစ၊ အကိုဖြစ်သူ ကျောင်းပိတ်၍အိမ်သို့လာလည်သောအချိန်… "ညီညီ ပျင်းတယ်ကွာ "……"ကို အလည်သွားရအောင် အမျိုးတွေဆီကိုပေါ့" ဟု ကိုလတ်မှပြောလာလေရာ၊ အိမ်မှာပျင်းနေသော ကျွန်တော်မှ မဆိုင်းမတွပင် ထ၍အခုသွားကြစို့ဟုဖြေမိလေသည်… ကျွန်တော်တို့လက်ရှိနေထိုင်ရာ မြို့လေးမှာ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ် အစပ်တွင်တည်ရှိသောကြောင့် မိုင်(50/60)ခန့်သာဝေးသော ထိုကချင်ပြည်နယ်ရှိ နယ်မြို့လေးသို့ ဆိုင်ကယ်တစ်ယောက်တစ်စီးခွ၍ ခရီးနှင်ကြလေ၏… ထိုမြို့သို့ရောက်သော် ညနေစောင်းအချိန်ဖြစ်၍ အမျိုးများအိမ်သို့မသွားတော့ ကျွန်တော့မိဘများ ထိုမြို့တွင် နေထိုင်ခဲ့သော အိမ်ဟောင်း၍သာ စခန်းချကြသည်… ညမှောင်သော် အကိုဖြစ်သူမှ "ညီ ဟိုဘက်ရပ်ကွက်ထဲက ကချင်မီးတောက်ဆိုင်ကောင်းတယ် အမြည်းလည်းမိုက်တယ်"ဟု ဆော်သြသောကြောင့် အိမ်တွင် ငြိမ်နေရသော ကျွန်ုပ်မှာ သွားတာပေါ့ဟုဆိုကာ ထိုဆိုင်သို့လှိမ့်ကြကုန်သည်… ဆိုင်မှပြန်သော် ည ၁၁နာရီခန့် မျက်နှာချင်းဆိုင်ဖက်ဆီမှ ဆိုင်ကယ်တစ်စီးထိုးရပ်ကာ "မသာလေးနှစ်ကောင် ဒီရောက်နေတာအိမ်ကိုမလာဘူး မင်းတို့အဖေတွေနဲ့တိုင်မှာ"ဟု ပြောလာသောအသံကြောင့် မူးမူးနဲ့မော့ကြည့်လိုက်ရာ ညီအကိုတစ်ဝမ်းကွဲများထဲမှ ဒုတိယအကြီးဆုံးဖြစ်သူ ကိုမောင်အားတွေ့ရ၏ … ကျွန်တော်တို့ဆွေမျိုးအသိုင်းအဝိုင်းတွင် တစ်မိသားစုလျှင်သားတစ်ယောက် သမီးတစ်ယောက်သာမွေးထားသောကြောင့် ညီအကိုအရင်းများမရှိကြ အရင်းကဲ့သို့ချစ်သော တစ်ဝမ်းကွဲများသာရှိသည်…(မိဘတွေစနစ်ကျတာ :P) "အာာာ ကိုမောင်ကလည်း ညနေကရောက်တာမိုးချုပ်လို့မလာတော့တာပါ မနက်ဖြန်လာမယ်"ဟူသော ကိုလတ်ပြောလိုက်သံကိုကြားလိုက်၏ သို့သော်နောက်စကားလုံးများကို မကြားရတော့ အမူးလွန်၍ မကြားမိခြင်းမဟုတ် ကျွန်တော့မျက်လုံးများက ကိုမောင့်ဆိုင်ကယ်အနောက်မှ မိန်းကလေးကို စိတ်ဝင်စားမိသောကြောင့်သာဖြစ်သည်… မိန်းကလေး၏မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူစုတ်နေကာ မျက်လုံးများကလည်း အသေကောင်ကဲ့သို့ငြိမ်သက်နေ၏၊ ကိုမောင်၏ "ငါသွားလိုက်ဦးမယ် မနက်ဖြန်မှ လက်ဖက်ရည်ဆိုင်မှာတွေ့မယ်"ဟူသောစကားကြားမှသာ သတိဝင်လာတော့၏… ကျွန်တော်ဘာမှမပြောနိုင်လိုက်သေးခင်မှာပင် ကိုမောင့်ဆိုင်ကယ် မောင်းထွက်သွားလေပြီ၊ ကိုလတ်က ကိုမောင့်ကို "ယောက်ျားတွေက အရက်ပဲသောက်တာကွ"ဟုပင်လှမ်းပြောင်လိုက်သေးသည် (ကိုမောင်ကား ညီအကိုများကြားတွင် ထူးထူးခြားခြားအရက်မသောက်သူ ကျွန်တော်ဆို ၈တန်းကတည်းက ဘရန်ဒီကိုင်နေပြီ)… ကျွန်တော်တွေးနေစဉ် စကားစလာသူက ကိုလတ် "ညီဘာဖြစ်နေတာလဲဟ တိတ်ဆိတ်နေတာပဲ"ဟုပြောလာ၏၊ ညီအကိုများနှင့်တွေ့တိုင်း အငယ်ဆုံးပီပီ ဂျစ်တိုက်သော ကျွန်တော့အကျင့်ကိုသိ၍မေးခြင်းဖြစ်သည်… ကျွန်တော်မှ "ကိုလတ် ကိုမောင့်နောက်က စော်မြင်လိုက်မိလား"ဆိုရာတွင် "အမ် စော်ပါသေးတာလား သတိမထားမိလိုက်ဘူး"ဟုပြော၏ "မျက်နှာကဖွေးစုတ်စုတ်နဲ့ တစ္ဆေနဲ့တူတယ်"ဟုကျွန်တော်ပြောတော့ "မဟုတ်လောက်ပါဘူးညီရာ မင်းအမြင်မှားတာလား ကပွဲသွားတက်လို့ အဲ့လိုပြင်ထားတာလားမှမသိတာ"တဲ့… အိမ်ပြန်ရောက်ပြီး မကြာခင် သို့လောသို့လော အတွေးများဖြင့် အိပ်ပျော်သွားလေသည်၊ အိပ်ရာနိုးသော် ကိုလတ်ကိုမတွေ့ အိပ်ရာထ ရေချိုးပြီးနာရီကြည့်လိုက်တော့ ၁၀နာရီပင်ခွဲနေလေပြီ၊ သိပ်မကြာခင် လက်ဖက်ရည်နှင့် ရှမ်းခေါက်ဆွဲထုတ်များဆွဲ၍ကိုလတ်ပြန်လာ၏… "ညီ ညက ကိုမောင့်နောက်မှာ တွေ့လိုက်တာသေချာလား"ဟု ကိုလတ်တည်ငြိမ်စွာမေးလာတော့ "အင်း"ဟုသာပြန်ဖြေလိုက်၏၊ "အဲ့ဒါဆို မဖြစ်တော့ဘူးညီ တစ်ခုလုပ်ရတော့မယ် မင်းနဲ့ငါက အဲ့လိုင်းဆို ဝါသနာကြီးတယ်"ဆိုသော အကို့စကားကြောင့် ကြောင်ပင်ကြောင်သွား၏… "ဘာလဲ ကိုလတ်"ဆိုမှ "ညီ ကိုမောင့်ကောင်မလေး အက်ဆီးဒင့်ဖြစ်ပြီးဆုံးပြီးသွားတာ သုံးလလောက်ရှိပြီတဲ့ ကိုမောင်ကညပိုင်းဆို သူ့ကောင်မလေးအုတ်ဂူကိုသွားပြီ သီချင်းဆိုပြတယ်တဲ့" ဟုဆက်ပြောလေ၏… "ဘာ ကိုလတ်ဟုတ်ကောဟုတ်လားဗျာ" ကိုလတ်ဆက်မပြောတော့ သင်္ချိုင်းသွားမယ် ဟုဆိုကာ ညီအကိုနှစ်ယောက် ထွက်လာကြ၏၊ သင်္ချိုင်းရောက်သော် အုတ်ဂူအသစ်များကိုလျှောက်ကြည့်ပြီး "မ……၊ အသက် ၂၄နှစ်" ဟုရေးထားသော အုတ်ဂူရောက်မှ "ညီညီ ဒါကိုမောင့် ကောင်မလေးပဲ"ဟုဆိုလာလေရာ ကျွန်တော် ခေါင်းခြောက်ရလေတော့သည်၊ သရဲခြောက်သည်ဟု နာမည်ကြီးသောနေရာများကို ကိုလတ်နှင့်ကျွန်တော် အကိုအမများတားကြသည့် အထဲက မဖြစ်ဖြစ်အောင်သွားကြသည် ယခုတွင်တော့ တားမြစ်သောအကိုတစ်ယောက်ထံတွင်ကြုံလေပြီဟု တွေးမိကာ စိတ်မကောင်းဖြစ်မိ၏… "သေချာအောင် ဒီညကြည့်မယ်ကွာ"ဟုကျွန်တော်ပြောတော့ အကိုကခေါင်းသာညိမ့်ပြသည်၊ ညရောက်အောင် စိတ်ရှည်စွာစောင့်ကြပြီး ညီအကိုနှစ်ယောက် သင်္ချိုင်းဘက်သို့ထွက်လာကြ၏… သင်္ချိုင်းရောက်သော် နေ့ခင်းကကြည့်ခဲ့သော်အုတ်ဂူပေါ်တွင် စကားများပြောနေသော ကိုမောင့်ကို တွေ့ရ၏၊ ခဏကြာသော် ဂစ်တာတီးသီချင်းဆိုပြီး ကိုမောင်တစ်ယောက် အုတ်ဂူကိုပုတ်ကာ "ချစ်အိပ်တော့နော်"ဆိုကာ ဆိုင်ကယ်နှင့်ထွက်သွားတော့သည်… "ညီညီ ကိုမောင့်ဆိုင်ကယ်နောက်မှာမြင်လိုက်လား"ဟုပြော၍ ကျွန်တော်လည်း ခေါင်းငြိမ့်ပြကာ အိမ်ပြန်လာကြ၏၊ အိမ်ရောက်သော် ဘုရားဝတ်ပြု ငါးပါးသီလဆောက်တည်က ညီအကိုနှစ်ယောက် အိပ်ရာဝင်ကြလေ၏၊အိပ်မပျော်၍ အခန်းပြင်သို့ထွက်လာရာ ဧည့်ခန်းထဲတွင်ထိုင်သောအကိုမှ "ညီအိပ်မရဘူးလားအကိုလည်းအိပ်မရဘူးကွာ စကားပြောရအောင်"ဟုပြောလာလေ၏… "ဟူးးးး သံယောဇဉ်ကြောက်စရာကောင်းတယ် ချစ်လွန်းတော့ ဘာမှမမြင်မိတော့ဘူးထင်တယ်"ဟု အကိုစကားစလာတော့ "သူချစ်တာက သူ့ကောင်မလေးကိုမကောင်းအောင်လုပ်နေသလိုဖြစ်နေတယ် အကို"ဟုသာပြန်ပြောလိုက်၏၊ အကိုနှင့်ကျွန်တော် လုပ်သင့်လုပ်ထိုက်သည်များကို တိုင်ပင်နေကြသည်မှာ မနက်၅နာရီတိုင်အောင်ရောက်လာလေပြီ… ၆နာရီထိုးသော် ကိုမောင့်အိမ်သို့သွားကြတော့သည် အိမ်သို့ရောက်သော်"ဟယ်ကလေးတွေ အခုမှလာတော့တယ် နင့်တို့ကို တွေ့လိုက်တယ်လို့ သားကြီးပြောလို့ အန်တီသိတာ"ဟု အန်တီ့အသံကိုဦးစွာကြားရသည်၊ ထိုအချိန်တွင် အမဖြစ်သူပြေးထွက်လာကာ "ငါ့အတွက်ဘာပါလဲ မပါရင် နင်တို့ကိုမခေါ်တော့ဘူး"ဆိုကာ ပြောလည်းပြော ဆွဲလည်းဆွဲကွာ အိမ်ပေါ်ခေါ်လေ၏… "မမ ကိုမောင်ကော"ဟု ကျွန်တော်တို့မေးတော့ "နင်တို့ကိုမောင်လား အခုတစ်လော မနက်ဆိုမထဘူး"ဟုပြန်ပြော၏၊ အန်တီလာဦးဟုအော်မှ မီးဖိုချောင်တွင် အလုပ်ရှုပ်နေသော အဒေါ်ဖြစ်သူထွက်လာလေသည်… အဒေါ်နှင့်အမအား ပြောစရာရှိလို့ဟုဆိုကာ အကြောင်းစုံကို ကျွန်တော်တို့ညီအကိုနှစ်ယောက်ပြောကြ၏၊ ပထမတွင်သူတို့မယုံ သို့ရာတွင် မည်သည့်အခါမှ မလိမ်တတ်သော ကျွန်တော်တို့အကြောင်းသိသောသူတို့နှစ်ယောက် ယုံကြည်လာကြသည်… အမဖြစ်သူက "ကြောက်စရာကြီး"ဟု ဆိုကာ ကျွန်တော်တို့ဖက် တိုးလာ၏၊ အန်တီ့ကိုကြည့်လိုက်တော့ မျက်ရည်များနှင့် "နင့်အကို မူပြောင်းနေတာတော့ကြာပြီ"တဲ့… အမက"ငါတို့ဘယ်လိုလုပ်ရမလဲဟင်"ဆိုတော့ နားလည်သူများနှင့်တိုင်ပင်သင့်ကြောင်းပြောကာ ထိုအိမ်မှ ပြန်ထွက်လာကြသည်၊နောက်မှအမဖြစ်သူက "ငါကောလိုက်မယ်"ဆိုကာပြေးလိုက်လာ၏… မောင်နှမသုံးယောက် တစ်နေကုန်လျှောက်လည်ကြသည် လျှောက်သွားနေသော်လည်း စိတ်ကမပါ ညနေပိုင်း အမကိုပြန်လိုက်ပို့ရင်း အန်တီ့ကိုမေးရာ လုပ်ထားပြီဟုပြော၍ အိမ်သို့စိတ်ချစွာပြန်လာကြတော့သည်… "ကဲ အေးဆေးဖြစ်သွားလောက်ပြီ"ဟုဆိုကာ ညီအကိုနှစ်ယောက် စကားများပြောရင်း ဧည့်ခန်းထဲတွင်သာ စောင်ခြုံ၍အိပ်ကြလေ၏… အိပ်ပျော်တာ ၁၅မိနစ်ပင်မပြည့်လိုက် ညီအကိုနှစ်ယောက်လုံး အိမ်ကိုခဲနဲ့ထုသော အသံများကြောင့်နိုးလာကြသည်၊ အပြင်ထွက်ကြည့်တော့မရှိ ခဲလည်းရှာမတွေ့၍ပြန်ဝင်လာရာ အပြင်မှ မိန်းကလေးငိုသံကြားရလေတော့သည် … "ညီ စည်းချ"ဟု အကိုအော်၍စည်းချလိုက်၏(စည်းချပုံမှာ တံခါးသုံးခုရှိသည်ဆိုပါစို့ ပထမတစ်ခုကို သရဏဂုံတစ်ခါရွတ်၍ပိတ်၊ ကျန်တံခါးနှစ်ခုကိုလည်း ထိုကဲ့သို့ သရဏဂုံရွတ်၍ပိတ်ခြင်းဖြစ်သည်၊ တံခါးတစ်ချပ်သာရှိပါက ထိုတံခါးကို သရဏဂုံဆို၍ပိတ်ကာ ကြမ်းပြင်တွင် သရဏဂုံရွတ်၍ စည်းနှစ်ကြောင်းမှတ်နိုင်သည်) စည်းချကာ ညီအကိုနှစ်ယောက် ဓားကိုင်၍ ဘယ်သူလဲဟုအော်မှ "နင်တို့ကို ငါဟိုနေ့ကတွေ့တယ် ကိုကိုညီတွေမို့ ငါဘာမှမလုပ်တာကို နင်တို့က ငါ့ကိုဒုက္ခပေးတယ် ကိုကို့အနားကပ်လို့မရအောင်လုပ်တယ် နင်တို့ကိုသတ်မယ် မကျေနပ်ဘူး နင်တို့ပိတ်ထားတာတွေဖွင့်"ဟု ငိုသံကြီးနှင့်အက်ရှသော မိန်းမတစ်ယောက်အသံကို ပီသစွာကြားလိုက်ရတော့ အခြေအနေမှကိုသိလိုက်ရတော့သည်… ညီအကိုနှစ်ယောက် ဘုရားစာများရွတ် ဓားများဘေးချကာ ချထားသောစည်းကို စိတ်ချစွာအိပ်ကြသည်၊ ဝင်တော့မလာပေမဲ့ ငိုသံကြားရသောကြောင့် အိပ်၍မရ ကျွန်တော်စိတ်တိုပြီး "ငါထွက်သတ်မယ်ကွာ"ဆိုတော့ အကိုက "ညီ အေးဆေးနေစမ်း စည်းပေါက်သွားမယ် အကြမ်းမကိုင်နဲ့"ဟု အကိုမှအော်၏… ညီအကိုနှစ်ယောက်ကြားရသောအသံကြောင့် ကြက်အိပ်ကြက်နိုးဖြင့် ပေအိပ်ကြရာ မနက်လင်းသော် နိုးလာ၏ အသံလည်းမကြား နေလည်းထွက်ပြီဆိုမှ အဒေါ်အိမ်သို့ ဒိုးကြတော့သည်… "အန်တီမနေ့က လုပ်ပြီးပြီဆိုတာဘယ်လိုလုပ်လိုက်တာလဲ၊ ကျွန်တော်တို့ အသိမြန်လို့ ဘာမှမဖြစ်လိုက်တာညက"ဟုဆိုကာပြောပြမှ အဒေါ်က အထက်လမ်းဆရာတစ်ယောက်ခေါ်ပြီး ကိုမောင်အိပ်နေတုန်း မေ့ကြောနှိပ်ကာ စီရင်ထားသောဆေးဖြင့် စုတ်တစ်ချက်ထိုးထားကြောင်းပြောလေ၏… အန်တီရာအဲ့လိုလုပ်စရာလားဟုပြောပြီး ကိုမောင့်ကိုခေါ်ကာ အကြောင်းစုံမေးကြပြောကြတော့ မင်းတို့နှစ်ယောက် တော်တော်ရှုပ်တယ်လို့ပြောကာ ဒေါသထွက်သော အကြည့်ဖြင့်ကြည့်နေလေသည်၊ ထိုအခါကျွန်တော်တို့မှ ကိုမောင်သူ့ကိုချစ်တယ်မလား ချစ်ရင်အဲ့လိုဘဝမျိုးမှာထားချင်သလားဗျာ မကောင်းပါဘူးဆိုကာ အမျိုးမျိုးဖြောင်းဖြလေမှ ကိုမောင်တစ်ယောက် ငိုသံပါကြီးနှင့် "အေးပါကွာ သူ့ကိုကျွတ်လွတ်အောင်လုပ်ပေးကြတာပေါ့"ဟုပြောလာ၏… လုပ်သင့်သည်များကို လုပ်ကြပြီး ညနေစောင်းရောက်သော် ဘုန်းကြီးတစ်ပါးပင့်ကာ ကိုမောင်အား ကိုမောင်သွားခေါ်တော့ ဟုပြောမှ ကိုမောင်ထွက်သွား၏ အတော်ကြာမှပြန်ရောက်လာသည် ကိုမောင် တဘက်တစ်ထည်ကိုင်ကာ အခန်းထဲသို့ဝင်လာသည်နှင့် အမဖြစ်သူထံမှ"ငါ့ကိုဘာလုပ်ကြမလို့လဲ သွားကြသွားကြ ငါ့ကိုဘာမှမလုပ်ကြနဲ့ ငါကိုကို့ကိုချစ်တယ်"ဟုအော်ကာ ငိုတော့သည်… အတွေ့အကြုံရှိသော ကျွန်တော်တို့က သိသော်လည်း အန်တီနှင့်ကိုမောင်မှာ ကြောင်ကြည့်နေကြ၏ အိမ်ကိုခေါ်ထားသော ရပ်ကွက်ထဲမှလူကြီးတစ်ယောက်နှစ်ယောက် သည်လည်း အံ့သြကုန်ကြ၏… ဘုန်းကြီးမှ အမဖြစ်သူကိုအနားခေါ်ကာ မေးလေ၏ ဒကာမလေး ဘာကြောင့် ဒကာလေးကိုမောင်နားမှကပ်နေတာလည်း မိဘတွေလုပ်တဲ့ အမျှအတန်းကိုမရဘူးလားဟုမေးတော့ တစ္ဆေဝင်ပူးနေသော အမထံမှ ကိုမောင့်ကိုချစ်လို့ မသွားတာဖြစ်ကြောင်း အမျှဝေတာသိပေမဲ့ တမင်သာဓုမခေါ်တာဖြစ်ကြောင်းပြောလေသည်… ထိုအခါ ဆရာတော်မှ ဒကာမလေး စွဲလမ်းခြင်းကြောင့် အခုလိုဘုံဘဝမှာ ဒုက္ခရောက်နေပြီ ဒီလိုသာဆက်လုပ်နေရင် အခုထက်ဆိုးတဲ့ ငရဲသို့ကျရောက်ကာ အကုသိုလ်အကျိုးခံစားရမည်ဖြစ်ကြောင်း အစချီကာဆုံးမလေ၏ ထိုအခါမှ ကောင်းမှုပြုလုပ်ပေးသာဓုခေါ်မည်ဖြစ်ကြောင်း ကတိပေးကာ အမထံမှထွက်ခွာသွားလေတော့သည်… အမမှာကြောက်လွန်း၍တုန်ကာ ငိုနေတော့သည် တစ်ညလုံးမအိပ်တော့ပဲ ကျွန်တော်တို့ညီအကိုကြားတွင်သာ ထိုင်နေတော့သည် အတော်ကြာမှ ကျွန်တော့ပေါင်ပေါ်တွင်အိပ်ပျော်သွားတော့၏၊ ထိုတစ်ညလုံးညီအကိုနှစ်ယောက်မအိပ်ရတော့ပေ ကိုမောင်ကတော့ စကားတစ်လုံးမှမပြောပဲ အခန်းထဲသို့ဝင်သွားလေတော့သည်… မနက်ရောက်သော် ဘုန်းကြီးကျောင်းတွင် အာရုံဆွမ်းကပ်၍ သံယောဇဉ်ကြီးရှာသူ သူမနာမည်ကိုရွတ်ကာ အမျှပေးဝေ၏၊ နောက်နေ့ရောက်သော် ကိုမောင်နှင့်အမ ကျွန်တော်တို့ရှိရာရောက်လာကြပြီး အမကိုအိမ်မက်ထဲမှာ သူပူးကပ်ရတဲ့အတွက်တောင်းပန်းကြောင်းလာပြောသွားသလို ကို့မောင့်ကိုလည်း ပေးဝေတဲ့အမျှရကြောင်း သူလည်းကျွတ်လွတ်ပြီဖြစ်ကြောင်း ကျွန်တော်နှင့် ကိုလတ်ကိုကျေးဇူးတင်ကြောင်းပြောပေးပါဆို လာပြောသွားသည်ဆို၏… ထိုသို့ပြောပြီးနောက် ကိုမောင်မှ "ညီလေးတို့"ဟူသော စကားကိုသာပြော၍ မျက်ရည်ဝိုင်းသော မျက်လုံးများနှင့်ကြည့်နေလေတော့သည်၊ ကိုမောင်၏ မျက်ရည်ဝဲသောမျက်လုံးများ၏နောက်ကွယ်မှ အဓိပ္ပါယ်ကိုတော့ ကိုမောင်တစ်ယောက်သာ နားအလည်ဆုံးဖြစ်ပေလိမ့်မည်……
@2015 Edition Completting of NC Team®
Writing by BK®. copy right© 
from My Bro®-Ko Mg Mg Lin
Sunday, October 18, 2015
BK ရဲ့ ကိုယ်တွေ့ မှက်တမ်း (Life Of Ghost)®
Writing By BK®
@2015 Editation Completting of NC Team®
Ghost Story
Ghost of My Dream
2001 ခုနှစ် ၀ါဆိုအဖိတ်နေ့ ရယ် လပြည့်နေ့ရယ်က ကျွန်တော် အရင် နေခဲ့တဲ့ အိမ်ရဲ့ သုံးအိမ်ကျော် အိမ်မှာ အဲဒီ ကိစ္စတစ်ခု ဖြစ်တယ်ဗျ
မောင်နှစ်မ လေးယောက် နေတယ် ပေါ့ဗျာ.. အကြီးဆုံးက မိန်းမ ရှိတယ် သားက ကိုးတန်း သမီးက ခြောက်တန်း၊ ညီအလတ်ရယ် ညီမအငယ်ရယ် ညီအထွေးရယ်က လူလွတ်တွေ
l
ညီမအငယ်က စိတ်ထားဆိုးတယ်ဗျ သူ့ အလုပ်မှာ သူ့ရာထူးတိုးရေးအတွက် အောက်လမ်း ဆရာတွေနဲ့ ပင်းတာတွေဘာတွေ လုပ်တယ်
အိမ်ရှေ့ လမ်းမမှာ ညသန်းခေါင် အမဲသားစိမ်း ငါးဆယ်သား ခေါစာ ခဏခဏ ထွက်ကျွေးတယ်
တခါသား သူက ခရီး ထွက်သွားတော့ သူ့မောင် ကို ကျွေးဖို့ မှာသွားရော
သူ့မောင်က ကြောက်ကြောက်နဲ့ အိမ်ပြင်မှာ မကျွေးပဲ အိမ်ခြံထောင့်မှာ ကျွေးလိုက်ရောဗျာ.
အဲဒါ သူကလဲ ပြန်မပြောဘူး နောက် သုံးလလောက်အတွင်းမှာ စောစောက ပြောတဲ့ ညီမငယ်ဟာ ဘာရောဂါမှန်း ရှာမရပဲ ဆေးရုံတင်လိုက်ရရောဗျာ...
အဲဒီ ၀ါဆိုလပြည့် အဖိတ်နေ့ ကျတော့ သူက မသေပဲ ပုပ်နေပြီ ဆေးရုံမှာ။
အိမ်မှာလဲ သူ့ကိစ္စ ဗာဟီရတွေ အခြား အိမ်မှုကိစ္စတွေ မနိုင်ကြတော့ အစ်ကိုကြီးရဲ့ မိန်းမရဲ့ အစ်မ၊ တောမှာ နေတဲ့ အမျိုးသမီးကြီးကို ခေါ်ထားကြတယ်ပေါ့ဗျာ။
ညနေ ခြောက်နာရီလောက် ကျွန်တော် အလုပ်က ပြန်လာပြီး (အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ programming group လေး ထောင်ထားတယ်ဗျ) နေတုန်း အိမ်က အဖိုးကို အစ်ကိုကြီးရဲ့ မိန်းမက လာပြေးခေါ်ရောဗျာ သူတို့ ညီအစ်ကိုတွေက နဲနဲသောက်တတ်တယ်ဗျ
ဒါနဲ့ မူးပြီး ရမ်းတယ် ထင်လို့ လိုက်သွားတာ.. ဟိုအိမ်လဲ ရောက်ရော တကယ်ရမ်းနေတာက ပိန်တာရိုး မိန်းမ ဖစ်နေရော.. ယောက်ျားကြီး သုံးယောက် အိမ်ထောင့်သုံးထောင့် မှာ ကုပ်လို့ ဗျား
အဲဒီ မိန်းမက ပေါင် ကိုးဆယ် မပြည့်ဘူး လက်ချောင်းကလေးတွေက ပုသိမ်ထီး ထီးရိုး သာသာ ဘဲ ရှိတယ် ကျွန်တော်ရယ် ရပ်ကွက်က ယောက်ျား နှစ်ယောက်ရယ် ၀ိုင်းချုပ်တာ
ဟင်းဟင်း.. နောက်တစ်ယောက်က လက်ဖျံကိုချုပ်ထားပေးပြီး ကွေးထားတဲ့ လက်သန်းကို ကျွန်တော်က ဆွဲဖြည်တာ ဖြည်မရဘူးဗျ
အဲဒါ ဘယ်လက်နော်.. တပြိုင်ထဲပဲ ညာလက်နဲ့ ဖိလစ် သရီးဒိုး ရေခဲသေတ္တာကြီးကို တွန်းထဲ့လိုက်တာ ရေခဲသေတ္တာ လွင့်ကို ထွက်သွားတာ ...... လဲသွားတာ မဟုတ်ဘူးနော်
အတွင်းအားတယ်ပြင်းတယ်နော်
သပ်သပ်သပ်စီနော်.. ခေါစာကျွေးတဲ့ ညီမငယ်က ဆေးရုံမှာ ခုဟာက အစ်ကို အကြီးဆုံးရဲ့ မရီး.. တောက လာနေတဲ့ အမျိုးသမီးကြီးနော်
အဲဒါနဲ့ ညီအငယ်ဆုံးက လုပ်မိလုပ်ရာ ပုတီး ကောက်စွပ်လိုက်တော့ မျက်လုံးကြီး ပြူး၊ လျှာကြီး တစ်လစ် ထွက်ပြီး ငြိမ်သွားရောဗျ.. အဲတော့မှာ အဖိုးက ၀ိပဿနာ လုပ်နေတာဆိုတော့ ဦးဆောင်ပြီး ပုတီး ပြန်ချွတ်ရင် ငြိမ်ငြိမ်နေမလား မေးရောဗျ .. ဟိုက ခေါင်း ညိမ့်ပြတာနဲ့ ပုတီး ချွတ်ပြီး မေးတော့မှ
အဲလို ပဲ အလုပ်တွေ ခဏခဏခိုင်း.. အိမ်ထဲခေါ်ပြီး ခေါစာ တစ်ခါပဲ ကျွေး ပြန်လဲ မနှင်လို့ ဘာမှလဲ ရှာစားလို့မရလို့ လုပ်ထည့်လိုက်တာ ဆိုရောကိုး
ဟုတ်ပြီ ဒါဆိုရင် ချက်ပြီးသား ထမင်းတွေ ဟင်းတွေရှိတယ် ခုစားမလား ဆိုတော့ မစားဘူးတဲ့ဗျ
ဒါဆို ဘာစားမှာတုန်း ဆိုတော့ အမဲသား ငါးဆယ်သားတဲ့
ဟုတ်ပြီ ခုက ညခုနစ်နာရီ ထိုးတော့မယ် ဈေးတွေလဲ ပိတ်ကုန်ပြီ စားချင်တာ စားရရင် ထွက်မှာလား အေးအေးလူလူ ပြန်မှာလား ပေးထားတဲ့ ဒုက္ခတွေ ပြန်နှုတ်ပေးမှာလား မေးတော့ အင်း.... တဲ့
ဒါဆို နက်ဖြန် ညနေ ခြောက်နာရီကို ကျွေးမယ် ဖြစ်မလား ဆိုတော့ အင်း.. တဲ့
ဖြတ်မေးဦးမယ် ခင်ဗျား လျှာကို ဘယ်လောက်ထိ ထုတ်လို့ရသလဲ
ဲဟဲ သူ့လျှာ ထွက်လာတာ ဇလုပ်ကို ထိတယ်ဗျ
သွားမှာပါ အစွယ် ထွက်လာတာ.. ဖလင် တစ်လိပ်တိတိ ကျွန်တော် ဓာတ်ပုံ ရိုက်ထားတယ်ဗျ (ပုံတွေတော့ ကာယကံရှင်တွေကို လေးစားသောအားဖြင့် မတင်ပါရစေနဲ့ဗျာ)
ဒါနဲ့ နက်ဖြန် ရက်ချိန်းရတော့ အိုကေ ပေါ့..
ပြင်စရာဆင်စရာရှိတာ ပြင်ဆင်ပြီး စောင့်နေကြတာပေါ့..
နောက်နေ့က ၀ါဆိုလပြည့်နေ့လေ..
အဲဒီတော့ကျွန်တော်က အစ်ကိုအကြီးဆုံးရဲ့သားကို တိုးတိုး မှာထားတယ်..“ဟေ့ကောင်အခြေအနေ မကောင်းရင် တီဗီ ပြေးဖွင့်..“ လို့ ညနေ ခြောက်နာရီဆိုရင် တီဗီကနေသပိတ်အိုင်ဆရာတော်ရဲ့ ၀ါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ တရားလာတယ်လေ
အမဲသားစိမ်း ငါးဆယ်သားကို ကျွေးမှာက ခြံထဲမှာ အရင် ကျွေးထားတဲ့ ဒေါင့်ပဲ.. ဟဲဟဲ နံကရိုင်းမယ်တော် နတ်စင် အောက်တည့်တည့် ဗျား.....
ဒါနဲ့ အဲဒီအမျိုးသမီးကြီးနဲ့ ကျွန်တော်နဲ့ ဆေးလိပ် တစ်ယောက်တစ်လိပ်စီ ဖွာနေကြတာပေါ့ဗျာ ..
အဲသရဲက ဒိတ်သွားတော့ ကျွန်တော်လဲ ကင်မရာ နှစ်လုံးကို အယ်လကာလိုင်း ဘက်ထရီအသစ်စက်စက်တွေ ထည့်.. ကွန်နီးကာ စင်ကျူရီယာ 500 တစ်လိပ်စီ ထည့်လို့ အသင့်ပြင်ထားတာပေါ့ဗျာ.. တစ်လုံးက ကျွန်တော့် အဖေဟာ မီနော်လ်တာ ပရိုသုံးဗျအသစ်ကြီး ကျွန်တော့်ဟာကတော့ ကင်နွန်35mm အစုတ်ကလေး.. ဖလင်က စင်ကျူရီယာ 500တော့ ဟုတ်တယ်/ သုံးလေးရက်ကမှ မန္တလေးက ပြန်လာတော့ အဲဒီဖလင်လိပ် ပထမဆုံးအကွက်မှာ မဟာမြတ်မုနိဘုရားကြီးပုံ တစ်ပုံ ရိုက်ထားတယ်/
ဒါနဲ့ခုန ပြောပါရော ဆေးလိပ် တစ်ယောက်တစ်လိပ်စီ ထိုင်ဖွာနေတုန်း သူ့လက်က ဆတ်ဆတ်ဆတ်ဆတ်နဲ့ တုန်လာရောဗျ.. အဲဒီအမျိုးသမီးက အလွန် သိမ်မွေ့တာဗျ. စကားပြောတာကအစ ဘယ်တော့မှ အသံမာမာ မပြောဘူး.. ဒါနဲ့ အဲလို တုန်လာတော့ ကျွန်တော်က အစ်မဘာဖြစ်တာလဲ ဆိုပြီး သူ့လက်ကို လှမ်းထိလိုက်တော့
မျက်စောင်းနီကြီး ထိုးတဲ့ပြီး ဖယ်စမ်း ငါ့မထိနဲ့ တဲ့ အော်ရော..
အဲတော့မှ ပွဲစပြီ ဆိုပြီး ကိုယ့်နေရာ ကိုယ်ယူကြတာပေါ့ဗျာ..
အဲဒီမှာခုနက ကိုးတန်း ချာတိတ်က တီဗီ ပြေးဖွင့်မလို့ လုပ်ရော. ဟဲဟဲ သရဲကအသံနက်ကြီးနဲ့ ကျုံးအော်တယ် မဖွင့်နဲ့ တဲ့... အဲဒါက ထူးဆန်းတာ တချက်ဗျ
ဒါနဲ့ သူ့ကို ကျွန်တော့် အဖိုးက မေးတယ် ဘယ်မှာနေတုန်း ဘာညာပေါ့ဗျာ.. နောက်ဒို့မှာ ကုသိုလ်တွေ ရှိတယ် မင်းကို အမျှဝေမယ် ကိုင်း သာဓုခေါ် ဆိုပြီး အမျှဝေကြရောဗျ.. အဲဒီမှာဗျာ လည်ချောင်းထဲက တစီစီနဲ့ အသက်ငင်သလို အသံကြီးဖြစ်လာပြီး ရှိုက်ကြီးတငင် ငိုရှာရောဗျာ...
မခေါ်နိုင်ဘူးတဲ့ သူက အရိမေတ္တေယျဘုရားပွင့်မှ ကျွတ်မှာတဲ့... ငိုရင်း ပြောရှာတယ်ဗျ
ကျွန်တော်ကတော့ ဖလက်ရှ်ရော ဇွန်းရော စိတ်ကြိုကဖွင့်ပြီးရိုက်တော့တာပေါ့ဗျာ မီနော်လ်တာကို ပရို ဓာတ်ပုံသမား တစ်ယောက်ကို ပေးထားတယ်ကျွန်တော်က ကင်နွန်နဲ့ ရိုက်တယ်
အဲလိုငိုငို ပြောပြော နေတုန်း ညီအလတ်က သူ့စိတ်ကူးနဲ့သူ အနီးနားဘုန်းကြီးကျောင်းက ဆွမ်းစားကျောင်း ဘုန်းကြီးကို တက်စီကြီးနဲ့ပင့်ချလာပါရောဗျာ
ကျွန်တော်တို့က မမြင်ဘူးဗျ အိမ်တံခါးမက ကျွန်တော်တို့ နောက်မှာ။ ဧည့်ခန်းထဲမှာ ဖြစ်နေကြတာကိုး.. အိမ်က နှစ်ခန်းတွဲ အိမ်တွေလေ
ဘုန်းကြီးကတံစက်မြိတ်ရိပ်ကို နင်းလိုက်တာနဲ့ တခါထဲ မီးဖိုထဲ ပစ်ချလိုက်သလိုထွန့်ထွန့်လူးပြီး ပူလှချေရဲ့ သေရချေရဲ့နဲ့ အသံနက်ကြီးနဲ့ကျုံးအော်တာဗျာ.. ကျွန်တော်တို့က ဘုန်းကြီးကို မမြင်ရသေးဘူးလေ/ရုတ်တရက်ကြီး တရှုပ်ရှုပ် ငိုနေရာကနေ ထအော်တော့ ဘယ်လောက် လန့်ကုန်ကြမလဲစဉ်းစားသာ ကြည့်ဗျာ/
အဲလို လန့်ဖြန့်ကုန်တုန်း ဘုန်းဘုန်းက အိမ်ထဲကို ကြွလာပါရောဗျာ.. အဲဒီမှာငါ့ကို အပြင်ထုတ်ပေးကြပါ သွားပါ့မယ် ခုသွားပါ့မယ် ဆိုပြီး သနားစရာတောင်းပန်ပါရောဗျာ...
လမ်းမှာညီလတ်က အကြောင်းစုံ လျှောက်လာတော့ ဘုန်းကြီးကလဲဇာတ်ရည်လည်ထားပြီးသားပေါ့ဗျာ.. ဒါနဲ့ ကဲ နင် စားစရာ ရှိတာ စား... ပြီးရင်ပြန်.. ပြသနာ မရှာနဲ့ လို့ မိန့်ရော. သူက ပြန်ပြောတယ်ဗျ ဘုန်းကြီး ရှိရင်သူ စားလို့ မရဘူးတဲ့
ဒါနဲ့ အဖိုးက ဘုန်းဘုန်းကို ပင့်သွားရော ဘုန်းဘုန်းကလဲ ဒါဆိုရင် ငါ ဖယ်ပေးမယ် ပေါ့ဗျာ/ နှစ်ခန်းတွဲမှာ ခုဖြစ်တာက ခေါင်းရင်းခန်း ကိုးဗျ။ ခြေရင်းခန်း အိမ်ကို ပင့်သွားရော။
ဘုန်းဘုန်းလဲ ခြံပြင်ထွက်သွားရော သောင်းကျန်းလိုက်တာ ဗြောင်းကို ဆန်ရောဗျာ သူ့နား ရှိတဲ့လူတွေ အကုန် ရှဲရတော့တာ။
ခဏလဲ နေရော ခုနလို ဆတ်ဆတ်တုန်ပြီး အသံနက်ကြီးနဲ့ အော်ပြန်ရောဗျ
ဘာဖြစ်တာလဲလို့ကျွန်တော် က မေးကြည့်တော့မှ ဘုန်းကြီး ရှိသေးတယ် ဆိုပြီး အော်ရော..မရှိပါဘူး ပြောလဲ မရဘူး.. ရှိတယ် ရှိတယ် ပဲ အော်ရော..
ဒါက ဒုတိယ ထူးဆန်းခြင်းဗျ။ အိမ်တံစက်မြိတ် တစ်ခုတည်း ဆိုရင် အာဏာတည်တယ် ဆိုပဲ။ သူပြောတာ။
ဒါနဲ့ အဲဒီ အပကို ပြောရတာပေါ့ဗျာ ခု ကျွေးမယ် နင် လုပ်ထားတာတွေ နင် နှုတ်ပေး ဆိုတော့
အိမ်မှာရယ် အိမ်သားတွေ ပေါ်မှာရယ် သူလုပ်ထားတာတွေကိုတော့ ဖယ်ပေးတယ်ဗျ။ လက်ကို ဟိုရမ်း ဒီရမ်း လုပ်တာပဲ။
နောက် ဟို ဝေဒနာရှင် ကိုေ၇ာ နင် လုပ်တာလား နှုတ်ပေးလို့လဲ ပြောရော
အဲဒါတော့ မရတော့ဘူး လွန်နေပြီတဲ့ သူက မကြာခင် ငါ့ အောက်ကို ငါ့အစေအပါးအဖြစ် လာရတော့မှာ တဲ့ဗျာ........
တကယ်လဲ ဟုတ်တယ် နောက် သုံးလေးရက်မှာ ဆုံးသွားတယ်။
အဲဒီပူးတဲ့အချိန်မတိုင်ခင် တပတ်လောက်ထဲက ဆေးရုံက လူနာနားကို ဘယ်သူမှ ကပ်လို့မရတော့ဘူးဗျ ပုပ်စော်တွေ နံလိုက်တာ ဆိုတာဗျာ.. နောက် ဆုံးသာသွားရောဘာရောဂါမှန်းကို အဖြေမထွက်ဖူးဗျ ဒါက တတိယ ထူးဆန်းတာ
ဒါနဲ့ နင့်အောက်မှာ ဘယ်လောက်များ ရှိတုန်း ဆိုပြီး မေးတော့..
ဟဲဟဲ
နင်တို့ လူတွေရှိ ရှိသမျှထက်တောင် ငါ့တစ်ယောက်ထဲ အောက်က အစေအပါးက များသေးတယ်တဲ့
ငါလိုမျိုးတွေလဲ အများကြီး ရှိတယ် တဲ့
ငါ့အထက်မှာလဲ အများကြီးပဲ တဲ့
မှတ်ကရောဗျား
သူကတော့ သူ့ကိုယ်သူ ကွင်းပိုင် လို့ ပြောတယ်ဗျ။ ကျွန်တော်တို့ နေတဲ့ မြို့ကြီး မတည်ခင် ဒီနေရာ ပင်လယ်ကနေ ကုန်းပေါ်ကတည်းက သူ ဒီမှာ နေတာ ဆိုပဲ။
အဓိကရ တံတား ကြီးတစ်ခုရဲ့ အဆင်းက ညောင်ပင်ကြီးက သူ့နေရာ တဲ့
(အဲဒါ ကြားကတည်းက အတွဲတွေအစား ကျွန်တော် ရင်တုန်လိုက်တာ ပြောမနေနဲ့)
ဖြတ်ပြောရရင်ဆိုင်ဘာ အဒေါ့ခြံ မရှိခင်ကတည်းက သူက မြန်မာလိုက်ဖ်ရှိုးတွေ ရှယ် ကြည့်ရမှာ ဟိ
ဒါနဲ့ ကျွေးရောဗျ
ခင်ဗျား စဉ်းစားကြည့်ဗျာ အမဲသား ငါးဆယ်သား အစိမ်းနဲ့ ရေသန့် ခြောက်ဗူးကို တထိုင်တဲ ပြိုက်ကနဲပဲ
ထူးထူးဆန်းဆန်း တစ်ခု ကြုံသေးဗျ
သူကခြံထောင့်မှာ ဆောင့်ကြောင့်ကြီး ထိုင်စားနေတာကိုး.. ခြံစည်းရိုးကပုဏ္ဏရိတ်ပင်တွေပဲ ရှိတာဗျာ အရင် လူဟောင်းတွေ ဆိုတာက မြို့တည်ကတည်းကအိမ်နီးချင်းတွေ ဆိုတော့ အုတ်တံတိုင်းတွေ ဘာတွေ မကာဘူး.. ဒီလိုပဲ အားလုံးနှစ်အိမ့်တစ်အိမ်တွေ ချည်းပဲ။ သူတို့အိမ်ရဲ့ ဟိုဘက်အိမ်က အိမ်ရှင်မကပန်းပင် ရေလောင်းနေရင်း လှမ်းနှုတ်ဆက်တယ်။ ဒီဘက်မှာ ဘာတွေ ဖြစ်နေလဲ သူကမသိဘူးကိုး။
“အစ်မ နေကောင်းလားတဲ့“ ဟိုကလဲ စားရင်း တန်းလန်း ”အေး” တဲ့
တော်သေးတယ် ဟိုဘက်က ဒီလောက်နဲ့ ပြီးသွားလို့ ခြံစည်းရိုး သစ်ပင်ကြားဆိုတော့ သေသေချာချာလဲ မမြင်ရဘူးပေါ့ဗျာ ဘယ်သူမှန်းတော့ သိတာပေါ့
တော်ကြာ စားပြီးပြီလား ဘာနဲ့ စားလဲ မေးလို့ အမဲသားစိမ်း ခု စားနေတယ် လို့ ဖြေရင် ဘာတွေ ဆက်ဖြစ်မယ် မသိဘူး။ ဟိုက နှလုံးရောဂါသည်။
ဒါနဲ့စားပြီးတော့ ထွက်သွားရော ဆိုပါတော့ဗျာ... ထွက်တာကလဲ ကြမ်းတယ်ဗျကာယကံရှင်ကို အသေ လုပ်ပစ်ခဲ့တာ.. ခြံတံခါးမကြီးကို အကုန် ဟင်းလင်းဖွင့်ရတာ...
နောက် ခြံပြင်ထိအောင် သူ့ဘာသာ လမ်းလျှောက်ထွက်သွားပြီး ခြံပြင်လဲ ရောက်ရော
နောက်ကနေကိုင်မြှောက်လိုက်သလို (သူ့ဘာသာ ခုန်သလို ဒူး မကွေးပဲနဲ့) လေထဲကိုလူတစ်ရပ်လောက် မြောက်တက်သွားပြီး အုတ်ခဲကျိုးပုံပေါ်ကို ခေါင်းနဲ့ပစ်ကျတာ.. အနီးနားက လူတွေ ပြေးဖမ်းတာ မြန်လို့
ဒါနဲ့ ၀ိုင်းခေါ်တြတော့ ခေါ်မရဘူးဗျ
ပရိတ်ရေလေး နှစ်စက်လောက်နဲ့ တောက်လိုက်တော့မှ သေနတ်မှန်သလို “အင့်” ကနဲ အော်ပြီး သတိပြန်လည်လာတာ
ဒါနဲ့သူတို့ အိမ်သားတွေက အဲဒီအမျိုးသမီးကို ခေါ်ပြီး ချက်ချင်းပဲဓာတ်မှန်သွားရိုက်ကြတယ်ဗျ.. အသားစိမ်းတွေ ဗိုက်ထဲမှာ ရှိနေတော့နေမကောင်းဖြစ်မှာ စိုးလို့ ပေါ့လေ.. ဟဲဟဲ ဘာမှ မရှိဘူးဗျ.. နာရီဝက်တောင်မခြားဘူးနော် . ဒါက နံပါတ်လေး ထူးဆန်းမှု ဗျ
နောက်ဆုံးတစ်ခုကတော့
ကျွန်တော် နောက်နေ့လဲ ကျရော ဓာတ်ပုံတွေ သွားကူးရော..
မှတ်မှတ်ရရ ကမ်းနားလမ်းနဲ့ လသာလမ်းထောင့် မြူးဇစ်ပလပ် အခွေဆိုင်ဘေးက ဓာတ်ပုံဆိုင်မှာ
မီနော်လ်တာ ကင်မရာသစ်က ဖလင်လိပ် အသစ်က တစ်ပုံမှ မထင်ဘူးဗျ...
မဟာမြတ်မုနိဘုရားပုံ ပါတဲ့ ကျွန်တော့် ကင်မရာစုတ်လေးက ဖလင်မှာ သုံးဆယ့်ခုနစ်ပုံ တိတိ ထွက်တယ် ရှင်းနေတာပဲ.. ခုထိကို ရှိသေးတယ်......
Writing by BK®
@2015 Edition Completting of NC Team®
Thursday, October 8, 2015
Sunday, October 4, 2015
http://www.freemyanmarbook.com/force_download_m.php?file=34181
သူက ကျနော်ရဲ့ တက္ကသိုလ် ကျောင်းနေဖက်ပါ… ကျနော်တို့ ချစ်သူဘ၀ ၃ နှစ်ရှိခဲ့ပြီး အခု အိမ်ထောင်သက်တမ်းကလဲ ၃နှစ်ပြည့်ခဲ့ပါပြီ…
ပြသနာ တစ်ခုပါဘဲ… သူနဲ့ကွာရှင်းပြီးတော့ သူနေရာသစ်မရမချင်း ကျနော်တို့ တစ်အိမ်တည်း အတူတူနေရဦးမှာပါ…
ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတိုင်း ရယ်ချင်မိတယ်… ချစ်သူဘ၀တုန်းက ကျနော်တို့ဟာ အရမ်းကို ရိုးသားလွန်းတယ်… လက်တွဲတာ ပွေ့ဖက်တာတွေ ထားပါဦးတော့… လက်မထပ်ခင် အတူတူနေဖို့ဆိုတာ စဉ်းတောင် မစဉ်းစားရဲဘူး… အခုကျတော့ ကွားရှင်းလိုက်ရပြီ… တော်တော်လေးကို ခေတ်မီနေပါပြီလေ
အိပ်ခန်းတစ်ခန်း… ဧည့်ခန်းတစ်ခန်းဘဲ ရှိတဲ့ တိုက်ခန်းလေးဟာ လင်မယား မဟုတ်တော့တဲ့ ကျား မ ၂ ယောက် အတူတူနေနေရဖို့အတွက် တော်တော်လေးကို အကိုင်ရခက်စေတယ်ဗျ…
ပထမတစ်ညမှာ ကျနော်အိပ်ယာလိပ်ယူပြီး ဆိုဖာခုံပေါ်မှာဘဲ အိပ်လိုက်တယ်…
ပထမတစ်ည အိပ်ရတာ တော်တော်လေးကို အရသာရှိတယ်… ဘေးမှာ နားပူနားဆာလုပ်မဲ့သူမရှိတဲ့ညဟာ အရမ်းကို ကောင်းတာဘဲ… တစ်ခုဘဲ… အိမ်က ဆိုဖာက နည်းနည်းပျော့ရင် ပိုကောင်းမယ်… အခုဟာက မာနေတော့ မနက်ထလာတဲ့အချိန် လည်ပင်း နည်းနည်းညောင်းကိုက်နေတာ တစ်ခုဘဲ…
ရေချိုးခန်းရှေ့ကိုရောက်တော့ အထဲမှာ ရေချိုးသံကိုကြားနေရတယ်… အဲဒီ မိန်းမတော့လေ… ဘယ်အချိန်ကတည်းကဒီအကျင့်ဆိုးရှိနေလဲ မသိပါဘူး… ညမအိပ်ခင်မှာ ရေချိုးတယ်… မနက်အိပ်ယာထလို့ရှိရင်လဲ ရေချိုးတယ်… တော်ပြီတော်ပြီ… ငါလဲ အကျင့်ပါနေပါပြီ… ကျနော်လဲ တံခါးကို ဆွဲဖွင့်ပြီးတော့ ၀င်သွားတယ်… အိမ်သာ အဖုံးကိုဖွင့်ပြီး အပေါ့သွားဖို့ ပြင်တုန်းမှာ “အား…” ဆိုတဲ့ အသံကြီးကို အမှတ်မထင်ကြားလိုက်ရတယ်…
မနက်စောစောစီးစီး သရဲမြင်တာတော့မဖြစ်နိုင်ပါဘူး… ဘာတွေလျှောက်အော်နေတာလဲ… လန့်သွားလို့ အပေါ့တောင် ပြန်ဝင်သွားပြီ…“ကျမ ရေချိုးနေတာ ရှင်မမြင်ဘူးလား…ရှင်ယောကျာ်းကော် ဟုတ်ရဲ့လာ… ဘယ်ယောကျာ်းက မိန်းကလေးရေးချိုးနေတာကို အထဲဝင်လာပြီး အပေါ့သွားတာမျိုးရှိလဲ…” သူ ခန်းဆီးကို ဖွင့်ပြီး လက်တစ်ဖက်က ရေချိုးပုဝါကြီးနဲ့ သူ့ခန္ဓာကိုယ်ကို ဖုံးထားပြီး နောက်လက်တစ်ဖက်က ကျနော့ကို လက်ညိုးထိုးပြီး ဆုံးမတော့တာဘဲ…
“နင်ဘာတွေ လာအော်နေတာလဲ… ငါတို့ ကြားမှာ ခန်းဆီးလိုက်ကာခြားထားသေးတယ်မဟုတ်လား… ငါ နင့်ကိုဘာမြင်ရမှာလဲ… ပြီးတော့ နင်ရေချိုးနေတုန်း ငါဝင်လာပြီးသေးပေါက်တာ ဒါ ပထမဆုံးအကြိမ်လဲမဟုတ်ဘူး… ဒီလောက်ထိ အဖြစ်သည်းနေဖို့ လိုလို့လာ… ပြီးတော့ နင့် ကိုယ်ခန္ဓာကိုယ်ကို မြင်နေရတာ ၃နှစ်တောင်ရှိပြီ…မျက်စိမိတ်ထားရင်တောင် ဘယ်လိုပုံစံမျိုးလဲဆိုတာ သိတယ်… ငါချောင်းကြည့်ဖို့လိုသေးလို့လာ… ”
“ရှင်…” သူဒေါသထွက်လွန်းလို့ ဘာမှပြောမထွက်တော့ဘူး… ပုဝါ ကြီးနဲ့ ဖုံးအုပ်ထားပြီး ရေချိုးခန်းထဲကနေ ကတိုက်ကရိုက်ထွက်သွားတယ်… ပြီးတော့ အိပ်ခန်းတံခါး “၀ုန်း…”ကနဲ စောင့်ပိတ်လိုက်တဲ့ အသံ ကြားလိုက်ရတယ်…
မိန်းမကြမ်း… ကြည့်ထားပေါ့… နင့်လိုစရိုက်မျိုးနဲ့ နောက်ကျရင် ဘယ်ကောင်က ယူရဲမှာလဲ…
အပေါ့သွားပြီးတော့ ကျနော် အိပ်ခန်းဘက်ကို သွားလိုက်တယ်… ဒီနေ့ရုံးသွားဖို့ ၀တ်ရမဲ့ အင်္ကျီက အထဲက ဘီရိုမျာ ချိတ်ထားတယ်… ဒီမိန်းမတော့လေ… အထဲကနေ သော့ခက်ထားလိုက်တယ်… တံခါးကို အကြားကြီးခေါက်နေမှ အထဲကနေ တစ်သံထွက်လာတယ်… “ငါအင်္ကျီဝတ်နေတယ်…”
တော်ပါပြီ… ကွာရှင်းပြီးပြီဘဲ… သူ့ကို အလျှော့ပေးလိုက်ပါ့မယ်…
နာရီဝက်လောက်ကြာမှ သူထွက်လာတယ်… ၀တ်ထားတာက တောက်ပနေပြီး အသားဖြူဖြူပေါ်မှာ နှုတ်ခမ်းနီရဲရဲ စိုးထားတယ်… နမြောဖို့ ကောင်းတာက သူ အပြင်ထွက်ခါနီးမှာ ကျနော့ကို မျက်စောင်းတစ်ချက်ထိုးလိုက်တာ သူ့အလှကို လျော့စေခဲ့တယ်… ဒီနာရီဝက်ကြောင့် ကျနော် ပထမဆုံးအကြိမ် ရုံးတက်နောက်ကျခဲ့တယ်…
ရုံးဆင်းပြီးနောက် ကျနော် အပြင်မှာဘဲ အချိန်တွေ ဖြုန်းနေခဲ့တယ်… ပျင်းဖို့ကောင်းပေမဲ့ သူမျက်နှာကို မြင်နေရတာထက်စာရင် ကောင်းပါသေးတယ်… ဒီလိုနဲ့ ည၉နာရီအထိ အပြင်မှာဘဲ ခေါက်ဆွဲတစ်ပွဲစားပြီး အိမ်ပြန်လာခဲ့တယ်…
ကျနော်အိမ်ထဲဝင်လိုက်တော့… သူက ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်နေတာကို ရုတ်တရက်တွေ့လိုက်ရတယ်… ကျနော်ဝင်လာတာကို မြင်တော့ မျက်နှာတစ်ချက်ပြုံးလိုက်တယ်… ကျနော်လဲ သံသယ များစွာနဲ့သူ့ရှေ့မှာ ထိုင်လိုက်တယ်… ဘုရား… ဘုရား… ကျနော့ကို ရေနွေးကြမ်းတွေ ငဲ့ပေးလို့…
သူဘာအကြံအစည်တွေရှိနေပါလိမ့်…
ကျနော် စကားတစ်ခွန်းကိုသွားသတိရမိတယ်… သိုးရေခြုံထားသော ၀ံပုလွေ…
“ဒီနေ့ ငါလဲ သေချာ စဉ်းစားကြည့်ပြီးပြီ… ငါတို့ နှစ်ယောက်ဟာ လင်မယားမဟုတ်တော့ဘူး… ငါက ရှင့်အိမ်ကို တစ်လငှားပြီး ခဏနေနေပေမဲ့ … ငါစဉ်းစားမိတယ်… ငါတို့ ဟို မလိုလားအပ်တဲ့ ပြသနာတွေ… အထင်လွဲမှားမှုတွေ မဖြစ်ရအောင် ငါတို့ စည်းကမ်းထုတ်ထားတာကောင်းမယ်…”
ပြောရင်းနဲ့ သူစာရွက်တစ်ရွက်ကို ငြင်သာစွာထုတ်လိုက်တယ်… ကျနော့ရှေ့မှာ စာရွက်ကို ကိုင်လှုပ်ပြပြီး ပြောလိုက်တယ်… “ရှင်ကြည့်ကြည့်လိုက်… သဘောတူတယ်ဆိုရင်အောက်မှာ လက်မှတ်ထိုးလိုက်.. ငါတို့တစ်ယောက်တစ်ရွက်ဆီယူထားမယ်…”
ကျနော်စာရွက်ကိုယူပြီး ကြည့်ကြည့်လိုက်တယ်…
နံပါတ်တစ်… ရေချိုးခန်းကို တစ်ယောက်ယောက်က သုံးနေတဲ့အချိန်မှာ နောက်တစ်ယောက်က မည့်သည့်အကြောင်းပြချက်နှင့်မှ မ၀င်ရ…
နံပါတ်နှစ်… တစ်ဦး၏ ခန္ဓာကိုယ်ကို အခြားတစ်ဦးက မည်သည့်အကြောင်းပြချက်နှင့်မှမထိရ…
…..
ကျနော်ရေတွက်ကြည့်တာ စုစုပေါင်း ၂၆ ချက်တောင်ရှိတယ်
“သဘောတူတယ်ဆိုရင် လက်မှတ်ထိုးလိုက်…” သူဘောပင်တောင် ကြိုပြင်ဆင်ထားပြီးပြီ…
အစကတော့ သူ့ဒေါသကိုစွပေးမလို့ဘဲ… ပြန်စဉ်းစားကြည့်လိုက်တော့… မလိုအပ်တော့ပါဘူး… အများဆုံးရှိလဲ တစ်လဘဲပေါ့… အောင့်အီးပြီးတော့ဘဲ ကျော်ဖြတ်လိုက်ပါတော့မယ်… ကျနော်သူ့ကို မျက်လုံးအေးအေးနဲ့တစ်ချက်ကြည့်လိုက်တယ်… ဘောပင်ယူပြီး ကျနော့ လက်မှတ်ကိုကောက်ထိုးလိုက်တယ်…
“ဟုတ်ပြီ… ဒီလက်မှတ်ထိုးပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့… ငါတို့ အတူတူနေနေရတုန်းမှာ ရှင့်ကိုဆက်ပြီးတော့ထမင်းချက်ကျွေးမယ်… ”
ဒီစည်းကမ်းချက်တွေရှိနေတော့ ဒီရက်ပိုင်းတွေမှာ လွတ်လပ်မှုမရှိတော့သလိုဘဲ… အစပိုင်းရက်တွေမှာတော့ ဘာလုပ်လုပ် ထိန်းချုပ်ခံနေရတယ်လို့ခံစားရတယ်… ပြီးတော့ ကျနော်ကလဲ အပြင်မှာဘဲ ဆက်ပြီး ဝှေ့လည်နေပြီး ထမင်းစားတဲ့နေရာကိုရှာနေတယ်… ဟွန့်… ထမင်းချက်ကျွေးတာနဲ့ ငါက ကျေးဇူးတင်နေရမှာလာ… သိပ်ပျော်မနေနဲ့… မစားဘူး…
မင်းရဲ့ထမင်းဟင်းကို တစ်လ မစားရလို့ ငါငတ်ပြီးသေမလားဆိုတာကိုကြည့်ရသေးတာပေါ့… အင်း ပြောသာပြောတာ… လျှောက်လည်ပတ်နေတုန်း သူများအိမ်က ထမင်းနံ့ ဟင်းနံ့ရလို့ရှိရင်လဲ စိတ်ထဲမှာတော့ တော်တော်လေးကို အားကျမိသား…
ပထမ တစ်ပတ်လုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ… ဘာပြသနာမှ မဖြစ်လိုက်ဘူး…
တစ်နေ့မှာ ကျနော် အိမ်ထဲဝင်လာတုန်း သူကအပြင်ထွက်ဖို့ပြင်နေတယ်…
“အပြင်ထွက်မလို့လာ?”… ကျနော့ပါးစပ်ကလွတ်ကနဲ ထွက်သွားတယ်… သူဒီလို ညဖက်မှာ အပြင်ထွက်တာ နောက်ရေမွှေးဖျန်းထားတာကို ကျနော်သိပ်သဘောမကျဘူး…
“ဟုတ်တယ်… လင်းလင်းက ဒီနေ့သူ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့တဲ့… ရှင်ကြည့်ကြည့်… ဒီနေ့ဝယ်ထားတဲ့ အင်္ကျီ … လှတယ်မှတ်လားဟင်…” သူ မှန်ရှေ့မှာ ကိုယ်ကိုယ်ကို သေချာကြည့်နေတယ်
“အင်း မဆိုးပါဘူး… ငတုံးတစ်ကောင်ကို ဖမ်းမယ်ဆိုရင်တော့မိနိုင်ပါတယ်…” အ နေတဲ့လူ တောင်သိတယ်… ကျနော့စကားက အကောင်းပြောနေတာမဟုတ်မှန်း…
“ရှင်… ” သူ့မျက်နှာမှာ မနှစ်ခြိုက်တဲ့ အမူအရာ ပြန်ပေါ်လာပြီ… ဒါပေမဲ့ ပြန်လှည့်သွားပြီးတော့ မရယ်ချင်ရယ်ချင်နဲ့ ခပ်တိမ်တိမ် အသက်မပါတဲ့ရယ်သံနဲ့ရယ်လိုက်တယ်…
“ဟုတ်တယ်လေ… အခုက လူလွတ်ဘ၀ ပြန်ရောက်သွားပြီဆိုတော့ ငတုံးတစ်ယောက်ကို အမိဖမ်းမယ်ဆိုလဲ ငါ့မှာ ဖမ်းခွင့်ရှိပါတယ်… ငါ့ကို တန်ဖိုးထားမဲ့လူတစ်ယောက်ထွက်ပေါ်လာမှာဘဲ… ရှင်လဲ အသက်မငယ်တော့ဘူးနော်… ကိုယ့်ဘ၀ရှေ့ရေးအတွက်ကြည့်ဦးနော်…” ပြောပြီး ကျနော့်ကို ဒေါသ အကြည့်တစ်ချက်ကြည့်လိုက်တယ်…
“ကဲ… ဒါဆိုရင်လဲ ဒီည ငတုံးကြီးကြီးတစ်ယောက်ကို ဖမ်းမိပါစေဗျာ… သူများက အိမ်ကြီးကြီး လက်ဆောင်ပေးခဲ့ရင် ငါ့ကို နှစ်ညလောက်တော့ ပေးနေဦးပေါ့… ” “အိုး… ဒီစကားမျိုးက သနားစရာလေးပါလား… ဘာလဲ… သ၀န်တိုနေတာလား?”… သူဟားဟားဟား ရယ်မောလိုက်တယ်…
“သွားတော့… သွားတော့… ငါမျက်စိနောက်တယ်…” ကျနော် သူ့ကို တံခါးပါဆွဲဖွင့်ပေးလိုက်တယ်… သူမျက်စောင်းထိုးပြီး အပြင်ထွက်သွားတယ်… ကျနော့ကို “ဟင့်” ဆိုပြီး လုပ်ခဲ့သေးတယ်… ကျနော်လဲ တံခါးကို ၀ုန်းခနဲ ပိတ်လိုက်တယ်…
မျက်စိနောက်တဲ့လူ မရှိတော့ဘူးဆိုတော့ ကျနော်လဲ အင်တာနက်ပေါ်တက်ပြီး… ညီမလေးတွေနဲ့လျှောက် ကျူတော့တာပေါ့… ထိန်းချုပ်မဲ့လူမရှိတော့ လွတ်လွတ်လပ်လပ် ပြောချင်ရာပြောလို့ရပြီ… ဝေး….
ဒါပေမဲ့ ကျနော့စိတ်ထဲမှာ နေလို့မကောင်းနေဘူး… ကျနော် တကယ်ဘဲ သ၀န်တိုနေတာလား?
ကျနော် ကိုယ့်ဟာကိုယ် ရယ်ချင်လာတယ်… လျှောက်စဉ်းစားမနေပါနဲ့… ကွာရှင်းဖို့ဆိုတာလဲ ကျနော်စပြီး ပြောခဲ့တာပါဘဲ…
အချိန် ၂ နာရီလောက်ကြာပြီးတော့… သူပြန်လာပါပြီ… သူ ကျနော့ရှေ့ကို ဖြတ်လျှောက်တုန်း သူ့မျက်နှာကိုတွေ့လိုက်တယ်… မျက်နှာပျက်နေတယ်… သူအိပ်ခန်းထဲကိုဘဲ တိုက်ရိုက်ဝင်ပြီး အိပ်လိုက်တယ်… ရေတောင်မချိုးတော့ဘူး…
သူစိတ်မကောင်းဘဲ ဖြစ်ပြီးပြန်လာတာမြင်တော့ ကျနော့ စိတ်ထဲမှာက ပျော်လာတယ်… ဟေဟေ… နည်းတောင်နည်းသေးတယ်… ကျနော်လဲ ပျော်ပျော်နဲ့ အိပ်ချလိုက်တယ်…
ညသန်းခေါင်မှာ သူ့ရဲ့စူးရှတဲ့ အသံကြောင့် လန့်နှိုးလာခဲ့တယ်… ဘာဖြစ်နေတာလဲ ဆိုတာကို ထကြည့်မယ်လုပ်တုန်း သူက အိပ်ခန်းထဲကနေ ညအိပ်ဝတ်နဲ့ပြေးထွက်လာတယ်… ဆိုဖာပေါ်ခုန်တက်လိုက်ပြီး ကျနော့လည်ပင်းကိုတုန်တုန်နဲ့ အသေဖက်ထားတယ်… “ဘာဖြစ်တာလဲ?” ကျနော်သူ့ နောက်ကျောကိုပုတ်ပြီးမေးလိုက်တယ်… “ပိုးဟပ်… ” သူဒီစကား နှစ်လုံးပြောလိုက်တာနဲ့ ကျနော်သဘောပေါက်သွားပြီ….
ဒီ မိန်းမတော့လေ… ကျနော့အပေါ်မှာသာမောက်မောက်မာမာ ဆက်ဆံတာ… အကောင်သေးသေးလေးတွေကျတော့ အသေကြောက်တတ်တယ်… ပိုးဟပ်… ကြွက်… ကြောင်… ခွေး… စတာတွေ… တွေ့လိုက်တိုင်း အော်လိုက်တာ နေ့ဝက်လောက်ကြာတယ်… ကျနော်ခွေးလေးတစ်ကောင်မွေးချင်တာတောင် မမွေးလိုက်ရဘူး…
“လိမ္မာတယ်… မကြောက်နဲ့တော့နော်… ”ကျနော် ခါတိုင်းလိုဘဲ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်… အခန်းထဲဝင်ပြီး ပိုးဟပ်ကို ချေမှုန်းပေးမယ်ပေါ့… အခန်းထဲဝင်ပြီး နေရာ အနှံ့ရှာပေမဲ့ အရိပ်တောင်မတွေ့ရတော့ဘူး… ပြန်ထွက်လာလိုက်တယ်…
ကျနော်ဆိုဖာပေါ်မှာ ထိုင်လိုက်တာနဲ့ ကျနော့ လည်ပင်းကို ပြန်ဖက်ထားပြီး…“သေသွားပြီလား?” သူမျက်နှာ မှာ ကြောက်လွန်းလို့ မျက်ရည်တောင်ထွက်လာတယ်… ဒါပေမဲ့ ညဘက် မီးမှိန် အောက်မှာ နှင်းဆီပွင့်ပေါ် မိုးရေစက်တင်နေသလို ခံစားချက်လေးကိုပေးတယ်…
“အင်း… ငါရိုက်သတ်လိုက်ပြီ…မကြောက်နဲ့တော့… ပြန်အိပ်တော့… ငါတို့ နှစ်ယောက်လုံး မနက်ဖန်ရုံးတက်ရဦးမယ်… ”
ကျနော်သူ့ကိုလိမ်လိုက်တယ်… ကျနော်သိတယ် သူ့ကို ရှာမတွေ့ဘူး… မရိုက်သတ်လိုက်ရဘူးလို့ပြောလိုက်ရင် ကျနော့ကို ထပ်သွားရှာခိုင်ဦးမှာ သေချာတယ်… ကျနော်လဲ ဒီည အိပ်ရတော့မှာ မဟုတ်ဘူး… “ငါမအိပ်ရဲဘူး… ပြန်မအိပ်တော့ဘူး…”
“နင်မေ့သွားပြီလား… ငါတို့ ကွာရှင်းပြီးသွားပြီလေ… ပြီးတော့ ငါတို့ရဲ့စည်းကမ်းချက်ထဲက နံပါတ် ၂ တစ်ချက်ကိုလဲ ချိုးဖောက်လိုက်ပြီ… နင်ဦးဆုံး ငါကိုလာထိနေတယ်… ” ကျနော့ လေသံက အေးစက်နေတယ်… “ဟွန့်… ညနေကတော့ ငတုံးတစ်ကောင်ကို သွားဖမ်းတယ်… ပိုးဟပ်တွေ့မှဘဲ ငါ့ကို သတိရတယ်…”
သူ ဒီစကားကို ကြားပြီးတော့ ခဏတာ ငြိမ်သွားတယ်… ပါးစပ်ကို ကိုက်ပြီး “ဆောရီး…” လို့တစ်ခွန်းပြောပြီး အခန်းထဲ ၀င်သွားတယ်… ပြီးတော့ “၀ုန်း” ဆိုတဲ့ တံခါးပိတ်သံကိုကြားလိုက်ရတယ်…
ကျနော်လဲ ခပ်ကြောင်ကြောင်ထိုင်နေပြီး ရုတ်တစ်ရက် ကိုယ့်ပါးကို ကိုယ် တစ်ချက်ချလိုက်မိတယ်…
ကျနော် ဆိုဖာပေါ်မှာ အိပ်နေတာ… အိပ်ချင်စိတ်တစ်စက်မှ မရှိဘူး… ၀ိုးတိုးဝါးတားမှာ အိပ်ခန်းထဲက ငိုသံကို ကြားနေရသလိုဘဲ… ၀င်သွားရမလား မ၀င်ရဘူးလားဆိုတာကို စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်နေတယ်… ကိုယ့်ပါးကို ကိုယ် ပြန်ချမိတယ်… ယောက်ျားဆိုရင် ၀င်သွားကွာ ဆိုပြီး ဆုံးဖြတ်လိုက်တယ်…
ကျနော် အခန်းတံခါးကို ဖွင့်လိုက်တယ်… သူစောင်ထဲမှာ ငိုနေတာကိုတွေ့လိုက်ရတယ်… ကျနော် ကုတင်ဘေးမှာထိုင်ပြီး စောင်ကို လှန်လိုက်တယ်… သူ့ကို ညင်ညင်သာသာလေးမေးလိုက်တယ်… “ဘာဖြစ်နေတာလဲ?” အမှန်အတိုင်းဝန်ခံရရင် သူ့ မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ စိုရွှဲနေတာကို မြင်ရတာ စိတ်ထဲမှာ အရမ်းကို နာကြင်စေတယ်ဗျာ…
“ရှင် ဘာဝင်လာလုပ်တာလဲ… ငါတို့ ကွာရှင်းပြီးသွားပြီ မဟုတ်လား… ရှင့်ရဲ့ ဂရုစိုက်မှုတွေ မလိုချင်ပါဘူး… ထွက်သွား… ထွက်သွား… ” သူကျနော့ကို တွန်းထုတ်တယ်… ခေါင်းအုံးနဲ့ပေါက်တယ်… “တောင်းပန်ပါတယ်ကွာ… ခုဏက ငါစကားပြောမှားသွားတာ… ငါ့ကို ခွင့်လွတ်ပါနော်… ”
ကျနော် သူဘာဖြစ်နေသလဲဆိုတာ ဂရုမစိုက်တော့ဘူး… သူ့ကိုရင်ခွင်ထဲမှာ ဆွဲသိပ်ထားလိုက်တယ်… သူ့မျက်နှာပေါ်က မျက်ရည်တွေကို ညင်ညင်သာသာလေး နမ်းပေးလိုက်တယ်… သူကလဲ ကျနော့ကို ထပ်ပြီး မအော်နေတော့ပါဘူး… ကျနော့လည်ပင်းကို သိုင်းဖက်ထားပြီးတော့ အားရပါးရကို ငိုတော့တာဘဲ…
နောက်ဆုံးတော့ သူငိုရင်းနဲ့ ဒီနေ့ဘာလို့ ဒီလောက်ထိစိတ်ညစ်နေရတဲ့အကြောင်းရင်းကို ပြောပြတယ်…
ဘာလို့လဲဆိုတော့ သူ့ဟို သူငယ်ချင်းကောင်းမဆန်တဲ့ သူငယ်ချင်း လင်းလင်းက သူ့ကိုမိတ်ဆက်ပေးတဲ့လူက အဖေ့အရွယ်လောက်ရှိတဲ့ အဖိုးကြီး… ခဏဘဲ တွေ့ရသေးတယ်… လက်ကိုင်ခြေကိုင်လုပ်လာပြီ… လင်းလင်းကလဲ သူ့ကို ဖျောင်းဖျသေးတယ်… နင်က တစ်လင်ကွာထားပြီဘဲ… ဒီအဖိုးကြီးနဲ့ဆို မဆိုးပါဘူး…
“ငါ ကွာရှင်းဖူးတာနဲ့ သူများထက်တစ်ဆင့်နိမ့်နေပြီလား… ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ” သူ ငိုရင်းနဲ့ ကျနော့ကိုမေးတယ်… ကျနော့လည်ပင်းကို ဖက်ထားတာ မလွတ်ဘူး…
ကျနော် သူ့မေးခွန်းအတွက် အဖြေမရှိဘူး… ကျနော်ကိုယ်တိုင်လဲ မသိဘူး… သူကျနော့လည်ပင်းကို ဖက်ထားတာ အရမ်းကို နာနေပြီ… ဖက်မယ်ဆိုရင်လဲ ဆက်ဖက်ထားပါစေ… သေမှမသေနိုင်တာ…နောက်ကျရင် အတူတူမှ မနေရတော့တာ… ဖက်စေချင်ရင်တောင် အခွင့်အရေးမရှိတော့ပါဘူးလေ…
ဒီလိုနဲ့ ကျနော်တို့ ၂ ယောက်လုံး မောမောနဲ့ အိပ်ပျော်သွားကြတယ်…
နိုးလာတဲ့ အချိန်မှာ နေတောင်ထွက်နေပါပြီ… ကျနော်က သူ့ကိုဖက်ထားသေးတယ်… သူကလဲ ကျနော့လည်ပင်းကို ဖက်ထားသေးတယ်…
ကျနော် မလှုပ်ရဲဘူး… သူ့အိပ်မက်ကောင်းလေးကို လှုပ်နိုးမိမှာ စိုးလို့… ဒီလို ခံစားချက်မျိုးမရှိတာ တော်တော်လေးကို ကြာခဲ့ပါပြီ… ၂ ယောက်သား အတူရှိနေတဲ့ အချိန်ဟာ ကြာလာလေ… မနက်ခင်း မိုးလင်းတိုင်းမှာ ဒီလို ခံစားချက်ဟာ ပျောက်ဆုံးလေ ဖြစ်နေတယ်…
ပြီးခဲ့တဲ့ နေ့ရက်တွေကို ပြန်စဉ်းစားလိုက်ရင် ကျနော်တို့ဟာ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတဲ့ကြားက နိုးထလာရသလိုဘဲ… တစ်ဖက်လူကို ညည်းညူနေပြီး ရုံးတက်ဖို့ကို ပြင်ဆင်နေကြတယ်… ကျနော်တို့နှစ်ယောက် ဘာဖြစ်လို့ ဒီလိုအခြေအနေထိ ရောက်သွားရပါလိမ့်…
သူလဲ နိုးလာပြီ…
သူသတိထားမိလိုက်တယ်… လည်ပင်ကို ဖတ်ထားတဲ့လက်ကို ဖြေလျှော့လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်… “မောနင်း… ”
ကျနော်လဲ ဖက်ထားတဲ့လက်ကို ကမန်းကတန်း ဖယ်လိုက်ပြီး ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်…
“မနေ့ညက… ”
“မနေ့ညက ဘာမှ မဖြစ်ပါဘူ… ရုံးတက်ဖို့ပြင်တော့… နောက်ကျနေဦးမယ်…”
အဲဒီလိုမျိုး တစ်ညတာ ရှိလိုက်တဲ့အတွက် ကျနော်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ ပြောင်းလဲမှု နည်းနည်းလေး စဖြစ်လာတယ်… ရုံးဆင်းတော့ လမ်းမှာ သူကြိုက်တဲ့ ဆနွင်းမကင်း ရောင်းနေတာတွေ့တော့ ၀ယ်လိုက်တယ်… ၀ယ်ပြီးခါမှ တွေဝေနေရတယ်… အိမ်ဘဲ ပြန်ရင်ကောင်းမလား… ခါတိုင်းလိုဘဲ လျှောက်ပတ်ရေပြီး အချိန်ဖြုန်းရင်ကောင်းမလား…
“အစ်ကို ဒါကတော့ အခုလောလောလပ်လပ်လေး ထွက်လာတာ… မြန်မြန်စားလေစားလို့ကောင်းလေဘဲ… ကြာသွားရင် သိပ်မကောင်းတော့ဘူး… ” ရောင်းတဲ့ကောင်လေးက ကျနော့ကို ပြောလိုက်တယ်…
ကျနော်လဲ မျက်နှာပြောင်နဲ့ အိမ်ကိုဘဲ ပြန်လိုက်တယ်… အိမ်ရောက်တော့ သူက ထမင်းဟင်းချက်နေတယ်…
“အင်း… အင်း… ငါလမ်းမှာ ဆနွင်းမကင်းရောင်းနေတာတွေ့လို့ ၀ယ်လာလိုက်တယ်…”မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ သူ့ကို ပြောပြလိုက်တယ်…
သူဝမ်းသာစွာနဲ့ဘဲ ထွက်လာပြီး တစ်တုံးယူစားလိုက်တယ်…“လက်သွားဆေးတော့… ထမင်းစားရအောင်…
ထမင်းစား စာပွဲပေါ်က ဟင်းတွေမြင်တော့ကျနော့ အကြိုက်ဟင်းတွေဘဲ… စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်…
ပြန်ပြီး ရေတွက်ကြည့်လိုက်ရင် အပြင်မှာ စားနေရတာ ရက်ပေါင်း ၂၀ ကျော်လောက်ရှိပြီ… သူလုပ်တဲ့ ဟင်းတွေက အရမ်းကို မွှေးတာဘဲ…
“စားတော့…”
ကျနော်လဲ ထမင်းပန်ကန်ကို ယူပြီးစစားတော့တယ်…
“ဖြည်းဖြည်းစား… နင်နေဦးမယ်…ရော့… ဟင်းရည်သောက်ဦး…” ကျနော့ကို ဟင်းရည်တစ်ခွက် ခပ်ပေးလိုက်တယ်…
“ရော့… ဒါလေးက လတ်ဆပ်တယ်…” ကျနော့ကို ဟင်းတစ်ဇွန်းထည့်ပေးလိုက်တယ်…
“ရှင်တော်တော်လေး ပိန်သွားတယ်… နောက်ကျရင် အပြင်မှာ မစားနဲ့တော့… ဈေးကြီးပြီး အဟာရလဲ မဖြစ်ဘူး… အိမ်ဘဲ ပြန်စားတော့…”
…….
စားပြီးလို့ ကျနော် ပန်ကန်ဆေးဖို့ ပြင်နေတုန်း…
“ထားပါတော့… အိမ်ထောင်ကျပြီးလို့တောင်ကြာရောပေါ့… ရှင် ဆေးတာ တစ်ခေါက်မှ မတွေ့ဖူးပါဘူး…ငါဘဲ ဆေးလိုက်ပါ့မယ်…
“ငါ…”
“ဘာမှ မဖြစ်ဘူး… ငါလဲ အကျင့်ပါနေပါပြီ… သွား တီဗွီ သွားကြည့်တော့… ငါခဏလေးသိမ်းလိုက်ရင် ပြီးပါပြီ…”
ကျနော်ရေနွေးကြမ်းတစ်ခွက်ထည့်လိုက်တယ်… သူ့အတွက်လဲ တစ်ခွက်ထည့်ပေးလိုက်တယ်…
သူ ဆေးကြောပြီးတော့ ကျနော့ဘေးမှာ လာထိုင်လိုက်တယ်… ကျနော်လဲ ထည့်ထားတဲ့ ရေနွေးခွက်ကို သူ့ရှေ့ပို့ပေးလိုက်တယ်…
“နင် ဘယ်လိုင်းကြည့်ချင်လဲ…” ကျနော်သူ့ကိုမေးလိုက်တယ်…
“ရှင် ဒီနေ့ဘာလို့ ဒီလောက်ထိအားနာနေရတာလဲ… ငါမနေတတ်တော့ဘူး… ” သူရယ်ပြီးပြောလိုက်တယ်…
ကျနော်လဲ ရှက်ရှက်နဲ့ ကိုယ့်ခေါင်းကိုပွတ်ပြီးတော့ ပြောလိုက်တယ်… “ငါအရင်က အရမ်းဆိုးလို့လား…”
“ဆိုးတယ်? ဘယ်သူက ရှင့်ကို ဆိုးတယ်လို့ပြောနေလို့လဲ… ရှင်က ပျင်းတာ… အခု ငါတို့ ကွာရှင်းပြီးပြီဆိုတော့ ရှင်လဲ ရှင့် အ၀တ်တွေ ဘယ်လိုလျှော်ရမလဲဆိုတာမေ့နေပြီ…မစဉ်းစားကြည့်ဘူးလား… ရှင့်အ၀တ်တွေကိုဘယ်သူလျှော်ပေးနေရတယ်လို့… နောက်ကျရင်တော့ ကိုယ့်ဟာကိုယ် ကောင်းကောင်းဂရုစိုက်နော်…”
“ကွာရှင်း… အင်း… ဟုတ်တယ်… ငါတို့ကွာရှင်းပြီးသွားကြပြီ…” ကျနော် နှုတ်ဆိတ်သွားတယ်
သူလဲ ငြိမ်သက်သွားတယ်
အဲဒီညက ကျနော်တို့ ၃နာရီလောက် အတူတူထိုင်ပြီး တီဗွီကြည့်နေလိုက်တယ်… စကားမပြောဘူး… လိုင်းမပြောင်းဘူး… ဘာတွေကြည့်နေသလဲဆိုတာလဲ မသိလိုက်ဘူး…
ရက် ၃၀ဟာ ခဏလေးနဲ့ ပြည့်သွားတယ်…အဲဒီနေ့က ထမင်းစားပြီးတော့ သူကျနော့ကိုပြောလိုက်တယ်… အိမ်ရှာတွေ့ပြီတဲ့… ဒီအပတ်တနင်္ဂနွေနေ့ဆို အိမ်ပြောင်းလို့ရပြီ… ကြားကြားချင်း ကျနော့စိတ်ထဲမှာလုံးဝဟာတာတာဖြစ်သွားတယ်…
စနေနေ့ဟာ ရောက်လာတာ အရမ်းကိုမြန်တာဘဲ… ကျနော်ဆိုဖာပေါ်မှာထိုင်နေပြီး သူကျနော့ရှေ့ကိုဖြတ်သွားဖြတ်လာနဲ့ ပစ္စည်းတွေသိမ်းနေတယ်…
အခန်းထဲမှာတော့ရှုပ်ပွနေတယ်… ဒါပေမဲ့ လေထုက ငြိမ်သက်နေတယ်… ကျနော်တို့စကားမပြောကြဘူး… သူဘာများချန်ခဲ့မလဲ? ကျနော့စိတ်ထဲမှာအရမ်းသိချင်နေတယ်… ဒါပေမဲ့ ကျနော်သူ့ကိုမမေးဘူး…
“နင်ဖြည်းဖြည်းသိမ်း… ငါအပြင်ထွက်လိုက်ဦးမယ်…” သူ့အဖြေမကြားခင်မှာ ကတည်းက ကျနော် အပြင်ထွက်သွားတယ်…
အိမ် အပြင်ဘက်က မိုးကောင်းကင်ဟာအရမ်းကိုပြာတယ်…
လွန်ခဲ့တဲ့ ၃ နှစ်လောက်က လေတံခွန် အတူတူလွှတ်ခဲ့တဲ့တစ်နေ့နဲ့ တော်တော်လေးတူတယ်…
အိမ်အပြင်က နေရောင်ခြည်ဟာ တော်တော်လေးနုတယ်…
လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုဘဲ ငါတို့ကို နွေးထွေးစေခဲ့တာလား…
အိမ်အပြင်ဘက်မှာ စုံတွဲတွေ တော်တော်များတယ်
ငါတိုလဲ ဒီလိုဘဲ ချိုချိုမြိန်မြိန်နဲ့ ၃ နှစ်တာ ဖြတ်သန်းခဲ့ရတယ်
“မေမေ… ဦးငိုနေတယ်…” ဘေးက ကလေးလေးတစ်ယောက်က သူ့မေမေကိုအော်ပြောလိုက်တယ်…
ကျနော် မျက်လုံးကို ပွတ်ပြီး… အတင်းပြုံးပြလိုက်တယ်… “ဦး မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ… ”
ကျနော်လဲ ကိုယ့်ကိုယ်ကို ရယ်လိုက်ပြီး ဦးတည်ရာလမ်းကြောင်းတစ်ခုရွေးလိုက်ပြီး လျှောက်သွားနေခဲ့တယ်…
ညနေရောက်တဲ့အထိ အပြင်မှာ လျှောက်သွားနေတုန်းဘဲ…
ဖုန်းသံမြည်လာတယ်… သူ့ဆီက စာဝင်လာတာပါ… “ညစာ ချက်ပြီးသွားပြီ… ငါတို့ နောက်ဆုံးတစ်ကြိမ် အတူတူထမင်းစားရအောင်…”
ကျနော် ချက်ချင်း အိမ်ကို ပြေးပြန်သွားတယ်
အိမ်ထဲမှာ မီးပိတ်ထားတယ်…ထမင်းစားစာပွဲပေါ်မှာ ဖယောင်းတိုင်ထွန်းထားတယ်… ဟင်တွေက တော်တော်လေးစုံတယ်… ၀ိုင်တစ်ပုလင်းပါပါတယ်…
ကျနော် သူ့ကို မင်္ဂလာဆောင်တုန်းက ၀ယ်ပေးခဲ့တဲ့ အနက်ရောင်ဂါဝန်ကို ၀တ်ထားတယ်…
“ငါတို့ မင်္ဂလာဆောင်တာ ၃ နှစ်ရှိပြီ… ၀ိုင် အတူတူမသောက်ဖူးသေးဘူး…ဒီညပြီးရင် ငါလဲသွားရတော့မယ်…ငါတို့ အတူတူ တစ်ကြိမ်လောက်သောက်ရအောင်နော်… ” သူပြောနေရင်းနဲ့ ကျနော့ ခွက်ထဲကို ၀ိုင်တစ်ခွက်ထည့်ပေးလိုက်တယ်… “Cheers!” ခွက်ချင်းထိတိုက်လိုက်တယ်…
ကျနော်တို့ ဘာမှထပ်မပြောတော့ဘူး… ဘာဆက်ပြောရမှာလဲ? ဘာဘဲပြောပြော မနက်ဖန်ရဲ့ အဖြေကို မပြောင်းလဲနိုင်တော့ပါဘူး…တော်ပါပြီ… မစဉ်းစားချင်တော့ဘူး… အရက်သောက်ပြီး ဟင်းလေးစားလိုက်တယ်… အကောင်းဆုံးကတော့ မူးသွားရင် အကောင်းဆုံးဘဲ… နိုးလာတဲ့အချိန်သူထွက်ခွာသွားပြီးတဲ့အချိန် ဖြစ်နေရင်အကောင်းဆုံးဘဲ… သူထွက်သွားဖို့ကတောက်လျှောက်ကျနော် မျှော်မှန်းထားတာ မဟုတ်ဘူးလား…ဒီလောက် လျှာရှည်တဲ့ မိန်းမကို မကြည့်ချင်နေတော့တာ မဟုတ်ဘူးလား… ကျနော် ပျော်ရမှာလေ!
နောက်ကျရင် ဘောလုံးပွဲကြည့်တာ ဘယ်လောက်ထိ ညနက်နက် ဘေးမှာ သွားအိပ်ဖို့ တတွတ်တွတ် ရွတ်နေမဲ့သူမရှိတော့ဘူး… ဘယ်လောက်ထိမိုက်လဲ… ရေမချိုးဘဲ အိပ်ယာထဲ ၀င်ရင်လဲ ညစ်ပတ်တယ်လို့ ရေရွတ်နေမဲ့သူ မရှိတော့ဘူး… ဘယ်လောက်ထိကောင်းလဲ… ငါ မပျော်ရွှင်စရာ အကြောင်းမရှိပါဘူး… ဒါပေမဲ့ ဘာဖြစ်လို့… ဒီဝိုင်ဟာ ငါ့ပါးစပ်ထဲမှာ ခါးတီးနေရတာလဲ?
“ရှင့်ရဲ့ အ၀တ်တွေ ဘီရိုထဲမှာ သေချာ သိမ်းထားပေးပြီ… ဘောင်းဘီတိုနဲ့ခြေအိတ်တွေကတော့ ကုတင်အောက်က အံဆွဲထဲမှာ…ရှင် အစာအိမ်မကောင်းဘူး… ညဘက်သိပ်မနက်စေနဲ့… ကိုယ့်ကိုယ်ကိုလဲ အစားလေးဘာလေး ချက်ကျွေးဦး… ရေခဲသေတ္တာထဲမှာ အစားတွေဝယ်ထည့်ထားပေးတယ်… ကိုယ့်ကိုယ်ကိုလဲ ထမင်းချက်နည်းလေးသင်ထားဦး… အပြင်မှာဘဲ စားမနေနဲ့… အစာအဟာရရှိအောင်စား… ကြုံစားဘဲ လုပ်မနေနဲ့…”
“ဒီတစ်လ ဖေဖေမေမေတို့ကို လွဲပေးရမဲ့ ပိုက်ဆံလွဲပေးပြီးပြီ… နောက်လတွေမှာလဲ လွဲပေးဖို့မမေ့နဲ့ဦး… အားရင်လဲ သူတို့ဆီကို ဖုန်းဆက်ဦး… သူတို့က နင့်ကို သတိရနေတယ်… ငါဒီနေ့ သူတို့ဆီဖုန်းခေါ်လိုက်သေးတယ်… ဖေဖေ့ ဖုန်းက ပျက်နေတယ်တဲ့… ဒီနေ့ဘဲ ကြုံလို့ ဟန်းဆက် အသစ်တစ်လုံးဝယ်ထားပေးတယ်… အမြန်ချောပို့နဲ့ ပို့ပေးလိုက်ဦး… ဖေဖေ အခုတလော ခြေလက်တွေ ကိုက်နေပြန်ပြီ…ဟိုတစ်ခေါက်က ၀ယ်ထားပေးတဲ့ဆေးလဲ ကုန်လောက်ပြီ… ရော့ ဒါက ၀ယ်ရမဲ့ဆေးနာမည်နဲ့ လိပ်စာ… မနက်ဖန်ဝယ်ပြီး အမြန်ချောနဲ့ တစ်ခါတည်းထည့်ပေးလိုက်… ”
“ငါတို့ ကွာရှင်းလိုက်တဲ့အကြောင်းသူတို့ကို မပြောရသေးဘူး… နင် နောက်ကျရင် အခွင့်ကြုံမှဘဲ သေချာစဉ်းစားပြီး သူတို့ကိုပြောပြလိုက်ပါတော့… ဖေဖေက ဘာဘဲပြောပြော သူ့ကို စိတ်မဆိုးနဲ့နော်… ဒါက ဖေဖေနဲ့မေမေအတွက် သိုးမွေးအင်္ကျီ… မနက်ဖန်တစ်ခါတည်းထည့်ပေးလိုက်… ”
သူ တစ်ခုပြီးတစ်ခု ကျနော့ကို မှာနေတယ်… ကျနော် အားလုံးကို မှတ်မိချင်တယ်… အားလုံးကိုလဲ မမှတ်မိစေချင်ဘူး… ကျနော် ကိုယ့်ကိုယ်ကို တော်တော်လေးတုံးပါလားလို့ ခံစားလာမိတယ်… အိမ်မှာ ၃ နှစ် ၃ မိုးနေလာတာ… အားလုံးဟာ ကျနော်နဲ့စိမ်းနေသလိုဘဲ… ကျနော် ကြောက်လာတယ်… တစ်ယောက်တည်း ဆက်နေသွားလို့ဖြစ်ပါ့မလားဆိုတာ မသိဘူး…
“ဒါကတော့ လက်ထပ်တုန်းက မေမေပေးထားတဲ့ လက်စွပ်လေးပါ… ငါမယူသွားတော့ပါဘူး… မေမေ့ကို ငါ့အစားတောင်းပန်လေးလိုက်နော်…”အစိမ်းရောင် တောက်နေတဲ့ ကျောက်စိမ်းလက်စွပ်လေးပါ… အရောက်တောက်လွန်းလို့ ကျနော့ မျက်စိကိုတောင် စူးရှမတက်မပါဘဲ…“ငါယူသွားမဲ့ ပစ္စည်းတွေက ငါတို့ သဘောတူထားတဲ့ဟာတွေပါဘဲ…”
သူမတ်တပ်ရပ်ပြီး လေးဘက်တွေကိုတစ်ချက်ကြည့်လိုက်ပြီး မေးတယ်… “မရှင်းတာရှိလား?”
ကျနော် မရှင်းတာ ဘာရှိလဲ… ကျနော်ဘာမှမသိဘူး… ကျနော်သိတာ တစ်ခုဘဲ ရှိတယ်… ကျနော်သူ့ကို ထွက်မသွားပါနဲ့လို့ အတားချင်ဆုံးအချိန်မှာ သူကျနော့ဆီက ထွက်ခွာသွားတော့မယ်…
သူကျနော့ကို အမြဲပြောတယ်… ယောက်ျားမဟုတ်ဘူးတဲ့… သူ ကျနော့ကို သိက္ခာချနေတယ်လို့ဘဲ ထင်ခဲ့တယ်… အခုမှ ကျနော် သဘောပေါက်လိုက်တယ်… ဟုတ်ပါတယ်… ကျနော်ယောက်ျားမဟုတ်ပါဘူး… ကလေးလေး တစ်ယောက်လိုဘဲ သူ့ရဲ့ ပြုစုယုယမှုအောက်မှာ နေလာခဲ့တာပါ…
“နင်မေးစရာ မရှိတော့ဘူးဆိုရင် ငါတို့စောစော နားကြရအောင်… ဒီညတော့ နင် အခန်းထဲမှာ အိပ်လိုက် ငါ ဆိုဖာပေါ်မှာဘဲ အိပ်လိုက်မယ်… မနက်ဖန် မနက်အစောကြီး ပြောင်းရွှေ့ရေး ကလူတွေလာရင် နိုးနေဦးမယ်… အထဲမှာဘဲ အိပ်လိုက်တော့…”
ကျနော်လဲ ဘာဆက်ပြောရမလဲမသိတော့ဘူး…ခေါင်းငုံ့ပြီးတော့ အခန်းထဲဝင်ပြီး တံခါးကို ပိတ်လိုက်တယ်…
ကျနော် တညလုံး မျက်နှာကျက်ကိုဘဲ ကြည့်နေမိတယ်…
မနက် မိုးလင်းလို့ နေရောင်ခြည်ဟာ အခန်းထဲဝင်လာတယ်
တံခါးခေါက်သံကြားလိုက်တယ်… ပစ္စည်းရွှေ့သံကြားလိုက်တယ်… သူ အလုပ်သမားတွေကို “သတိထား…” လို့ ပြောနေသံ ကြားလိုက်တယ်… ဒါပေမဲ့ ကျနော့ ရင်ခုန်သံကို ကျနော် မကြားရတော့ဘူး…
သူတံခါးခေါက်လိုက်တယ်… ကျနော်ကတော့မလှုပ်ဘူး…
“ငါသွားတော့မယ်… နင် ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နော်… ” သူအခန်းထဲ မ၀င်လာဘူး… တံခါးကိုခြားပြီးပြောလိုက်တယ်…
တံခါးပိတ်သံကြားလိုက်ရတယ်…
ဘာအသံမှ ထပ်မကြားရတော့ဘူး…
ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ငါတို့ဘာဖြစ်လို့ကွာရှင်းရတာလဲ…
“အချိန်ရရင် လာလည်ဦးနော်…” အိမ်နီးနားချင်းတွေရဲ့ နှုတ်ဆက်သံကြားလိုက်ရတယ်…
“မင်းယောက်ျားကော် ဟုတ်သေးလား?” စိတ်ထဲကနေ ကျနော့ကို အော်နေတယ်…
မင်းယောကျာ်းဆိုရင် အခုပြေးထွက်သွားလိုက်… တားလို့မီသေးတယ်
ကျနော် ကုတင်ပေါ်က ခုန်ဆင်းပြီး ပြတင်းပေါက်ကနေ အောက်ကိုအော်ပြောလိုက်တယ်… “ခဏစောင့်… မသွားသေးနဲ့ဦး…
ကျနော် လှေခါးအောက်ကိုပြေးဆင်းသွားတယ်… ကျနော်ဟာ ယောကျာ်းတစ်ယောက်…
သူကားဘေးမှာ ရပ်နေပြီး ကျနော့ကို ပြုံးပြလိုက်တယ်… “အောက်ဆင်းလာပြီးလိုက်နှုတ်ဆက်တဲ့အတွက် ကျေးဇူးတင်ပါတယ်… ” သူ့မျက်လုံးထောင့်မှာ မျက်ရည်စက်ရှိနေတယ်…
“မင်းထွက်သွားရင် ငါဘယ်လိုလုပ်ရမှာလဲ…” ကျနော်သူ့လက်မောင်းကိုဆွဲပြီးပြောလိုက်တယ်…
“ငါတို့ ကွာရှင်းပြီးသွားပြီလေ…”
“ငါအခု နင့်ကို မသွားစေချင်ဘူး… ငါ နင်မရှိလို့မဖြစ်ဘူး…” ကျနော် ကိုယ့်ဟာကိုယ်အော်နေမိတယ်… သူ့ကို တောင်းပန်နေမိတယ်…
“ကွာရှင်းဖို့ဆိုတာ ရှင်စပြောတာလေ…”
“ငါမှားမှန်းသိတယ်… တောင်းပန်ပါတယ်ကွာ… ငါ့ကိုခွင့်လွတ်ပါနော်…”
“ရှင်က ယောက်ျားလေ… ဒီလောက်လူအများကြီးရှေ့မှာ ငိုနေရလား…” သူ့လက်နဲ့ ကျနော့ မျက်ရည်တွေကို သုတ်ပေးနေတယ်… သူလက်တွေက အေးစက်လို့…
“မင်းသာ ပြန်လာမယ်ဆိုရင် ငါယောကျာ်းမလုပ်ဘူး…”
“ငါတို့ ရှေ့ရှေ့နောက်နောက် အတူတူနေလာခဲ့တာ စုစုပေါင်း ၆ နှစ်ရှိပြီ… လက်ထပ်ပြီးနောက်ပိုင်း နင်ငါ့ကို ဂရုမစိုက်တော့ဘူး… ငါဘာလိုချင်သလဲဆိုတာ နင်မသိဘူး… ငါဘာတွေ စဉ်းစားနေလဲဆိုတာ နင် မမေးဘူး… ငါနင့်ကို ပြောပြန်ရင်လဲ လျှာရှည်တယ် ဖြစ်ဦးမယ်… ဒါပေမဲ့ ရှင်သိလာ… ဒီ ၃ နှစ်လုံးလုံး ငါ အရမ်းပင်ပန်းခဲ့တယ်… ရှင့်ကို ချစ်တယ်… ဒီအချစ်ကို ထိန်းထားဖို့အတွက် ငါတော်တော်လေးကြိုးစားခဲ့တယ်…”
“တောင်းပန်ပါတယ်… ငါ့ကို အခွင့်အရေး နောက်တစ်ကြိမ်လောက်ပေးပါနော်… ငါ အခွင့်အရေးကောင်းတွေ အများကြီးဆုံးရှုံးခဲ့တယ်… ငါဆက်ပြီး မမှားချင်တော့ဘူး…နင်ကလဲ ငါ့ကို ချစ်နေသေးတာဘဲ… ငါ့ကိုချစ်ရင် ထွက်မသွားပါနဲ့နော်…” ကျနော်စိတ်ထဲမှာ အောင့်နေတယ်… ဘာဖြစ်လို့ ဒီလိုနောက်ဆုံးအချိန်မှ ဒီလိုစကားမျိုးပြောထွက်လာရတာလဲ…
“ငါတို့ က ကွာရှင်းပြီးသွားပြီဘဲ… ရှင်နောက်တစ်ခေါက်ကျမကို လက်ထပ်ခွင့်တောင်းရမှာပေါ့… ” သူ့မျက်နှာပေါ်မှာ အံ့သြစရာကောင်းတဲ့ အမူအရာလေးပေါ်နေတယ်…
“ကောင်းပြီ… လက်ထပ်ခွင့်တောင်းမယ်… ငါတောင်းပန်ပါတယ်… နင်ငါ့ကို နောက်တစ်ကြိမ် လက်ထပ်ခွင့်ပြုပါနော်… ” ကျနော် ဒူးတစ်ဖက်ထောက်ပြီး is သူ့ကို ဒုတိယ အကြိမ် လက်ထပ်ခွင့်တောင်းခဲ့တယ်…
“လက်ထပ်ခွင့်တောင်းတာ နှင်းဆီပန်းရယ် လက်စွပ်ရယ်လိုတယ်… နင့်မှာ ရှိလို့လာ?”
နှင်းဆီ… လက်စွပ်… ဘုရား ဘုရား… အခုချိန် ဘယ်မှာ သွားရှာရမှာပါလိမ့်…
“ငါတို့ အိမ်က သမီးလေး မနေ့ကမှ နှင်းဆီပန်းတစ်စည်း ရထားတယ်ဟေ့… ကောင်လေး… နင် အမြန်လာယူ…” ဘေးအိမ်က ဦးလေးကြီးက ကျနော့ကို အော်ပြောနေတယ်… ကျနော်လဲ ဟို ကျောက်စိမ်းလက်စွပ်ကို သွားသတိရလိုက်တယ်…
အိမ်ပေါ်ပြေးတက်သွားပြီး ဘေးအိမ်ထဲကို ၀င်ပြီး ပန်းစည်းယူလိုက်တယ်… ကျနော့အိမ်ထဲကို ၀င်ပြီး ဟိုလက်စွပ်ကိုရှာတယ်… ဒါပေမဲ့ ဘယ်လိုရှာရှာ ရှာမတွေ့ဘူး…
ဘာဖြစ်လို့လဲ… ဘာဖြစ်လို့ ဒီလို အရေးကြုံလာမှ လာနောက်နေရတာလဲ…လက်စွပ်က ဘယ်ရောက်နေပါလိမ့်…
ကျနော် တစ်အိမ်လုံးကို မွေနောက်ရှာနေတုန်း သူ အခန်းထဲကိုရောက်လာတယ်… သူ့နောက်မှာက အိမ်နီးနားချင်းပွဲကြည့်ပရိသတ်တွေ…
ကျနော်သူ့လက်ကိုဆွဲလိုက်ပြီး နှင်းဆီပန်းကို သူရင်ထဲ ထည့်လိုက်တယ်… “ငါလက်စွပ်ရှာမတွေ့သေးဘူး… ငါ့ကို အရင်လက်ထပ်ခွင့်ပြုလိုက်ပါနော်…
သူ ရုတ်တရက် ပါးစပ်လေးဟ ပြီး ရယ်သံ တစ်ချက်ထွက်လာတယ်… ပြီးတော့ သူ့အိတ်ထဲက ဗူးလေးတစ်ခုယူထုတ်လာတယ်… ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ တောက်ပနေတဲ့ အစိမ်းရောင် လက်စွပ်လေးက အထဲမှာကိုး…
“ဆောရီးပါ… ငါအပိုပစ္စည်းတစ်ခု ယူသွားမိပြီနဲ့တူတယ်…” သူ ကျနော့ရင်ခွင်ထဲကို ခိုဝင်ပြီးတော့ ရယ်မောလိုက်တယ်…
{မပိုင်ဆိုင်လိုက်ရတဲ့အရာဟာ အမြဲကို လှပနေသလိုဘဲ…}
ဒါပေမဲ့…
ရရှိလိုက်ပြီဆိုရင်ကော် ရောင့်ရဲတင်းတိမ်ကြပြီလား…
လက်ထဲက အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ…
မျက်စိရှေ့ကလူကို တန်ဖိုးထားတတ်ကြပါစေဗျာ…
Credit To BKH
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ 
2015 Edition® Burmese #ßk'
 NC Team ©🇲🇲🇲🇲